
ဘူလ်ဂေးရီးယားနိုင်ငံတဝန်းမှာ တောမီးတွေ လောင်ကျွမ်းနေတာကြောင့် သစ်တောတွေနဲ့ နေအိမ်တွေ အများအပြား ပျက်စီးခဲ့ပြီး တောအုပ်ထဲမှာ မီးစရှို့တယ်လို့ သံသယရှိတဲ့ မီးရှို့သူ ၂ ယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။
ဘူလ်ဂေးရီးယားအစိုးရဟာ မီးစလောင်နေပုံရတဲ့ တောအုပ်ထဲမှာ မီးရှို့သူ ၂ ယောက်ရဲ့ပုံကို ထင်ထင်ရှားရှား ပြသထားတဲ့ CCTV မှတ်တမ်းကို ဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဘူလ်ဂေးရီးယား-တူရကီ နယ်စပ်အနီး တောမီးကြီးတခုနဲ့ သူ့ရဲ့ အနောက်တောင်ဘက်က မီးလောင်မှုတခု အပါအဝင် တခြားမီးလောင်မှုတွေကို ငြှိမ်းသတ်နေတဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေကို ကူညီပေးနိုင်ဖို့ ဥရောပနိုင်ငံ အများအပြားရဲ့ အကူအညီတွေကိုလည်း ရရှိထားတဲ့ ဘူလ်ဂေးရီးယားဟာ မီးသတ်လေယာဉ်တွေကိုလည်း ဖြန့်ကျက်ချထားပါတယ်။
လက်ရှိအချိန်အထိ မြေယာစုစုပေါင်း ဧက ၁၆,၀၀၀ လောက် မီးလောင်ကျွမ်းထားပြီး ဘူလ်ဂေးရီးယားနိုင်ငံရဲ့ အရှေ့တောင်ဘက် စီမံကိန်းရေးဆွဲရေးဒေသထဲရှိ ကိုဇာရေဗို ကျေးရွာမှာလည်း တောမီးကြောင့် အိမ်ခြေအများအပြား မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။
ဒေသခံပြည်သူတွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ ရနိုင်သမျှ နည်းလမ်းတွေကို အသုံးပြုပြီး မီးငြှိမ်းသတ်ရာမှာ ပါဝင်ခဲ့ပါတယ်။
ကြေညာချက်တခုထဲမှာ ပြည်ထဲရေးဝန်ကြီးဌာနက ဘူလ်ဂေးရီးယားရဲ့ တောမီးအခြေအနေဟာ မြန်ဆန်ပြီး ပြင်းထန်တယ်လို့ ဖော်ပြထားပါတယ်။
ဥရောပအရှေ့တောင်ပိုင်းရှိ နိုင်ငံတွေမှာ လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း စံချိန်တင်အပူချိန်တွေကို ကြုံတွေ့ခဲ့ရပြီး အဲဒီဧရိယာထဲမှာ မီးလောင်မှုတွေ ဖြစ်ပွားနေတာကြောင့် တောမီးအလောင်များတဲ့ နေရာတွေလို့ သိပ္ပံပညာရှင်တွေက အမည်ပေးထားပါတယ်။
Source: Reuters


