
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်တွေက မတ် ၁၇ ရက် မနက်ပိုင်းကစလို့ မီးရှို့ခဲ့တာကြောင့် တောမီး အကြီးအကျယ်လောင်ကျွမ်းနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြိုင်အခြေစိုက် ဗစ်တာပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်ခံ ကိုဗစ်တာက “သူတို့ဘက်က အင်အားအများအပြားနဲ့ တောမီးထွက်ရှို့တာ။ ကျနော်တို့ ဝိုင်းဝန်း ပိတ်ဆို့ထားတယ်ဆိုတာ သူတို့သိကြလို့ လူအင်အင်နည်းနည်းမထွက်ရဲဘူး။ တောမီးရှို့ရုံပဲ လုပ်ပြီး ရွာထဲပဲ ပြန်ဝင်သွားကြတယ်။ သဘာဝဂေဟစနစ် ပျက်စီးမှာစိုးလို့ ဒီဘက်မှာ အခြေစိုက်နေကြတဲ့ တလရ ရဲဘော်တွေ ဝိုင်းငြှိမ်းတာ မနိုင်ကြဘူး။ ရာသီကလည်း ပူတော့ လောင်အား ကောင်းတယ်။ မနိုင်ဘူးဗျ။ ဘာလို့ ရှို့တာလဲဆိုတော့ သူတို့ရွာကို တော်လှန်ရေးအဖွဲ့တွေ ဝင်စီးရင် မြင်ရအောင် ကြိုရှင်းတဲ့သဘော ဖြစ်နိုင်တယ်လို့ ယူဆရတာပေါ့ဗျာ” လို့ ပြောပါတယ်။
မီးလောင်အား များပြားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မငြှိမ်းသတ်နိုင်တော့တဲ့အတွက် မတ် ၁၇ ရက် ညနေပိုင်းအထိ အဆိုပါ ကနီကျေးရွာရဲ့အရှေ့ဘက် ၁ မိုင်ကျော်လောက်အထိ ဆက်လက်လောင်ကျွမ်းနေတယ်လို့လည်း ဆိုပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ကနီပျူရွာထဲက ပျူတွေ ရွာပြင်ထွက်ပြီး ရွာပတ်လည်မှာ တောမီးရှို့ကြတာ။ ဘာကြောင့်ရှို့တယ်တော့ မသိဘူးဗျ” လို့ ပြောပါတယ်။
ကနီကျေးရွာဟာ ပျူစောထီးအင်အားကောင်းသလို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ကနီကျေးရွာထဲကို စားနပ်ရိက္ခာတွေ သယ်ဆောင်တဲ့လမ်းအားလုံး ပိတ်ဆို့ထားတာဟာ နှစ်ချီကြာမြင့်နေပြီလို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။