Home
မြန်မာသတင်း
မြောင်မြို့နယ်တွင် စစ်တပ်ကမီးရှို့သဖြင့် စာသင်ကျောင်းနှင့် အိမ် ၅၀ ကျော် မီးလောင်ပျက်စီး
DVB
·
March 15, 2025
photo:CDSOM
photo:CDSOM
photo:CDSOM
photo:CDSOM

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ပန်းညိုကျေးရွာကို မတ် ၁၂ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စစ်လေးရှောင်တွေအတွက် ဖွင့်လှစ်ပေးထားတဲ့ စာသင်ကျောင်းဆောင်တွေအပြင် လူနေအိမ်အလုံး ၅၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ (CDSOM) ဆီကနေ သိရပါတယ်။

မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ (CDSOM) ရဲ့တာဝန်ခံတယောက်ဖြစ်တဲ့ ကိုနွေဦး က “စစ်ဘေးရှောင်တွေအတွက် ကြားကာလပညာသင်ကြားရေးအတွက် ဆောက်ပေးထားတဲ့ ပေ ၁၀၀ လောက်ရှိတဲ့ စာသင်ဆောင် ၃ ဆောင်ပေါ့။ ၃ ဆောင်လုံးရှို့တာ။ ၂ ဆောင်က သစ်သားဆောင်တွေဆိုတော့ အကုန်ပြာကျသွားတယ်။ နောက်အဆောင်ကတော့ အုတ်ညှပ်ဆောင်။ အဲဒါကတော့ တံခါးကျည်းခွေတွေလောင်ကုန်တာပေါ့ဗျာ။ ကျောင်းဆောင်တွေတင်မဟုတ်ဘူး။ ရွာထဲက အိမ်အလုံး ၅၀ ကျော်ကိုလည်း မီးရှို့သွားကြသေးတယ်။ ပြည်သူတွေ မြောင်-ရေစကြိုနယ်စပ်ကို စစ်ကြောင်းထိုးလာတာသိကြလို့ ကြိုရှောင်နေကြတော့ ဘာမှမဖြစ်ကြပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ မတ် ၁၂ ရက် မနက်ပိုင်းမှာ ပန်းညိုကျေးရွာထဲကို ချင်းတွင်းမြစ်ကြောင်းကနေအပြင် ကုန်ကြောင်းကနေလည်း စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီး ညပိုင်းကစလို့ မီးရှို့ဖျက်ဆီးပြီး မတ် ၁၄ ရက်နေ့ မနက်ပိုင်းမှာတော့ ရေစကြိုမြို့နယ်ထဲက မြေတော်ကျေးရွာကို ဝင်ရောက်သွားကြပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

မြောင်မြို့နယ်ထဲက အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ပန်းညိုကျေးရွာဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ထဲမှာ တကြိမ်၊  ၂၀၂၃ ခုနှစ်မှာ တကြိမ် စစ်​ကောင်စီ တပ်ဖွဲ့ဝင်တွေဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အခုရက်ပိုင်း အဲဒီစစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့သေးတယ်လို့ DVB က စုံစမ်းသိရပေမယ့် သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။

မြောင်အခြေစိုက် စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတယောက်က “စစ်ကြောင်းကြောင့် ရေစကြိုနယ်ထဲကရော မြောင်နယ်ထဲကရော ပြည်သူတွေထွက်ပြေးနေကြရတယ်။ မြောင်မြို့နယ်ထဲကဆိုရင် အခု မီးရှို့ခံရတဲ့ ပန်းညို၊ မြစ်သာ၊ ဆင်လှောင်၊ သုခဒီပ၊ နနွင်းကိုင်း၊ ဆူးလေးကုန်း၊ ငါးရံ့အိုး နဲ့ မင်းလှရွာတွေပေါ့ဗျာ။ ရေစကြိုနယ်မြို့နယ်ထဲကဆိုရင် မြေစွန်းတော်၊ မာလကာခြံ၊ ရွှေလှန်၊ ဆင်ခြေယာ၊ ရွာသစ်၊ သာခေါင်ကြီး၊ သာခေါင်လေးနဲ့ ဇရပ်နီရွာတွေက ပြည်သူနှစ်သောင်းလောက်ရှိတာပေါ့။ ထွက်ပြေးနေကြရတာလေ” လို့ DVB ကို ပြောပါတယ်။

အဲဒီကျေးရွာတွေက ဒေသခံပြည်သူတွေဟာ စစ်ဘေးရှောင်နေကြရတာ လဝက်နီးပါး ကြာမြင့်နေပြီဖြစ်တဲ့အတွက် သောက်သုံးရေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေအပြင် ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ရေလယ်ကျွန်းဒေသကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစလို့ အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တာတွေရှိခဲ့တယ်လို့လည်း တော်လှန်ရေး တပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013