
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုကျေးရွာကို မတ် ၁၂ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေလယ်ကျွန်းဒေသက ပန်းညိုကျေးရွာကို မနေ့ညနေ ၄ နာရီခွဲလောက်မှာ စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တာလို့ ပန်းညိုကျေးရွာ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံပြည်သူ ထောင်နဲ့ချီ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မွှေနှောက်နေတာဖြစ်လို့ စစ်ဘေးတိမ်းရှောင်နေရတဲ့အတွက် အိမ်ခြေဘယ်လောက် မီးလောင်ကျွမ်းတယ် ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။
ရေစကြိုမြို့နယ်၊ မြေစွန်းတော်ကျေးရွာကိုလည်း စစ်ကောင်စီစစ်ကြောင်းက မတ် ၂ ရက်ကနေ ၄ ရက်အထိ ၃ ရက်ဆက်တိုက် မီးရှို့ခဲ့လို့ ရွာလုံးကျွတ် မီးလောင် ဆုံးရှုံးကာ အရပ်သားပြည်သူ ၁၁ ယောက်ကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မွှေနှောက်နေလို့ ကျေးရွာ ၁၀ ရွာကျော်လောက်က ဒေသခံပြည်သူ ၁၀,၀၀၀ နီးပါး ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အရေးပေါ်အကူညီတွေ လိုအပ်နေပါတယ်။
စစ်ကောင်စီတပ် အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူတွေရဲ့ နေအိမ် ၁၁၀,၀၀၀ ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ Data For Myanmar က ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။