Home
မြန်မာသတင်း
၄ လကြာ ပိတ်ဆို့ခံနေရသည့် ဖလမ်း ခလရ ၂၆၈ ကို စစ်တပ်က အင်အားဖြည့်
DVB
·
March 12, 2025

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ တခုတည်းကျန်ခဲ့တဲ့ ခလရ ၂၆၈ ကို တော်လှန်ရေးတပ်တွေက ၄ လကြာ ပိတ်ဆို့ထားပြီး အခုလပိုင်းမှာတော့ စစ်တပ်က လေကြောင်းကနေ စစ်အင်အားဖြည့်တင်းတာ အပါအဝင် ပြင်းပြင်းထန်ထန် ဗုံးကြဲနေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ဖို့ ချင်းညီနောင်စစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းမှာ ဖော်ဆောင်ခဲ့ပေမဲ့ တောင်ကုန်းပေါ်မှာရှိတဲ့ ခလရ ၂၆၈ ကို မရှင်းနိုင်သေးဘဲ ပိတ်ဆို့ထားတာ ၄ လဝန်းကျင် ကြာမြင့်လာပါပြီ။

၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ စစ်တပ်က ခလရ ၂၆၈ ထဲကို ရဟတ်ယာဉ်နဲ့ အင်အား ၅၀ ထက်မနည်း ထပ်ဖြည့်ထားပြီး ဂျက်လေယာဉ်နဲ့ အပြင်းအထန်ဗုံးကြဲကာ တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ ကြိုးစားလာကြောင်း တာဝန်ရှိသူက ပြောပါတယ်။

CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က  “အ‌ရေးကြီးတာက ဆေးရုံကုန်းနဲ့ ကျနော်တို့ ဒီ RC ပေါ့နော်၊ Catholic Church ဘက်က ကုန်းက တော်တော်လေး အရေးကြီးတယ်။ အဲဒီနေရာက သူတို့ဘက်ကနေ စစ်ဆင်ရေး တန်ပြန် ပြန်လုပ်တဲ့ အခြေအနေမှာရှိတယ်။ ကျနော်တို့ဘက်ကလည်း ဒီကုန်းတွေကို လုံးဝ ထိန်းလို့ရအောင် ကြိုးစားနေတဲ့ အခြေအနေမှာရှိတယ်။ လေယာဉ်ကတော့ တောက်လျှောက်ပဲ။ တော်တော်လေးပြင်းတယ်။ နေ့နဲ့ ည လေယာဉ်နဲ့ အဲလိုကြဲနေတဲ့ အခြေအနေမှာ ရှိပါတယ်” လို့ ပြောပါတယ်။

အင်အားနည်းလာတဲ့အတွက် အခုလို လေကြောင်းကနေ ရိက္ခာ၊ လူအင်အားတွေ ထပ်ဖြည့်တာ ဖြစ်နိုင်ကြောင်းနဲ့ မြို့တွင်းနေရာတွေကိုတော့ ချင်းတော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားကြောင်း သူက ဆက်ပြောပါတယ်။

ဆေးရုံကုန်းကနေ ခလရ ၂၆၈ ကို ခြေကျင်သွားရင် မိနစ်ပိုင်းလောက်သာ ကွာဝေးတာဖြစ်ပြီး စစ်တပ်က ဗုံးကြဲတာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ဖလမ်းပြည်သူ့ဆေးရုံကြီး မီးလောင် ပျက်စီးခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း မြို့ခံတွေအားလုံး စစ်ရှောင်ခဲ့ရပါတယ်။

ဖလမ်းမြို့ခံ စစ်ရှောင်အမျိုးသားတယောက်က “အခြေအနေက စစ်နယ်မြေဆိုတော့ ပြည်သူလူထုက တယောက်မှမရှိတော့ဘူး မြို့တွင်းမှာ။ ကိုယ်အဆင်ပြေတဲ့နယ်မြေကိုပဲ ပြေးနေရတာ။ ပြေးနေပြီးတော့ ခိုလှုံကြတာပေါ့။ ဖလမ်းမြို့မှာ မနေတော့ဘူးဆိုတော့ မြို့နယ်မှာလည်း၊ ကျေးရွာမှာလည်း အနီးအနားက နေလို့မရဘူးဆို‌တော့ ကျနော်တို့ စစ်ဘေးရှောင်အနေနဲ့ တခြားမြို့မှာ ပြောင်းနေတယ်။ အဲဒါ သူတို့သတင်းတွေ ဘာမှ မကြားရတော့ဘူး” လို့ ပြောပါတယ်။

အဲဒီအချိန်ကတည်းက မြို့ခံပြည်သူအများစုဟာ တောတောင်တွေထဲ ထွက်ပြေးခဲ့ကြရပြီး တချို့ကလည်း မီဇိုရမ်ပြည်နယ်နဲ့ ကလေးမြို့၊ ဟားခါးမြို့ အပါအဝင် နီးစပ်ရာ တခြားမြို့တွေဆီ စစ်ရှောင်ခဲ့ကြရပါတယ်။

ဒါကြောင့် မြို့ပေါ်နဲ့ စစ်ရှောင်အခြေအနေ အသေးစိတ်ကို မသိရတော့ပေမဲ့ ဗုံးဒဏ်ကြောင့် မြို့ပေါ်ရပ်ကွက်တွေက အိမ်ခြေ ၁၀၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ရပြီလို့ ဒေသခံတွေက ခန့်မှန်းပါတယ်။

ချင်းညီနောင်အနေနဲ့ ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို သိမ်းယူခဲ့ပြီး လက်ရှိမှာတော့ ဖလမ်းမြို့မှာ ကျန်နေတဲ့ ခလရ ၂၆၈ ကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013