Home
မြန်မာသတင်း
“ဒုက္ခတွေ ရောက်ချက်ကတော့ဗျာ၊ ရွာပြန်ရင်လည်း တရွာလုံး နေစရာအိမ်မရှိတော့ဘူး” ရေစကြိုစစ်ရှောင်တဦး
DVB
·
March 8, 2025
TSK

မကွေးတိုင်း၊ ရေစကြို့မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်မီးရှို့ဖျက်ဆီးနေလို့ လူနေအိမ်တွေပျက်စီးပြီး ထောင်ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေကြရကာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ထွက်ပြေးလာတဲ့ မြေစွန်းတော်ကျေးရွာနေ အမျိုးသားတယောက်က “ရေလယ်ကျွန်းဒေသက ကျွန်တခုလုံးကို စစ်ကြောင်းထိုးနေတာဗျ။ ကျုပ်တို့အိမ်တွေလည်း မီးရှို့ခံရတယ်။ မြောင်နဲ့ ရေစကြိုနယ်စပ်က ရွာတွေကို စစ်ကြောင်းထိုးနေတာ။ ကျုပ်တို့ ရေလယ်ကျွန်းက ရွာတွေကတော့ အကုန်ပြေးရတာဗျို့။ အခုထိ ဒီလိုပဲ အဆင်ပြေတဲ့ နေရာတွေမှာ စုနေကြတာပေါ့ဗျာ။ ဒုက္ခတွေ ရောက်ချက်ကတော့ဗျာ ရွာပြန်ရင်လည်း တရွာလုံး နေစရာအိမ်မရှိတော့ဘူး။ သူတို့မီးရှို့လို့ ရွာလုံးကျွတ်မီးလောင်ကုန်လို့ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မတ် ၂ ရက်နေ့မှာ အိမ်ခြေ ၄၀၀ နီးပါးရှိတဲ့ မြေစွန်းတော်ကျေးရွာကို ဝင်ရောက်လာပြီး ၃ ရက်နီးပါး ယာယီတပ်စွဲနေထိုင်ခဲ့ကြကာ မတ် ၅ ရက်နေ့ မနက်ပိုင်းမှာတော့ စစ်ကြောင်းထွက်ခွာကာနီး ကျောင်းထိုင်ဆရာတော် ၁ ပါးနဲ့ ရွာခံပြည်သူ ၁၀ ဦးထက်မနည်းကိုလည်း ဖမ်းဆီးသတ်ဖြတ်သွားသလို လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတဲ့အတွက် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အဲ့ဒီနေ့ညနေပိုင်းမှာလည်း အိမ်ခြေ ၃၀၀ နီးပါးရှိတဲ့ ဇရပ်နီကျေးရွာအတွင်း ဝင်ရောက်တပ်စွဲကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတဲ့အတွက် လူနေအိမ် ၁၀ လုံးထက်မနည်း မီးလောက်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ရေစကြိုနဲ့ မြောင်မြို့နယ်အစပ်တွေက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့အတွက် ရေစကြိုနယ်မြို့နယ်ထဲက မြေစွန်းတော်၊ မာလကာခြံ၊ ရွှေလှန်၊ ဆင်ခြေယာ၊ ရွာသစ်၊ သာခေါင်ကြီး၊ သာခေါင်လေး၊ ဇရပ်နီကျေးရွာတွေက ဒေသခံပြည်သူထောင်ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

“အဲ့ဒီ ရွာတွေဘက်က စစ်ဘေးရှောင်တွေသောင်းချီရှိနေတယ်။ ရေလယ်ကျွန်းဘက်မှာ စစ်တပ်က လူမဆန်အောင် ယုတ်မာဆိုးသွမ်းပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလုယက်တယ်။ လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတယ်။  သက်ကြီးရွယ်အိုတွေပါ မချန်ဘဲနဲ့ ဖမ်းဆီးသတ်ဖြတ်လို့ ပြည်သူတွေ ဒုက္ခပေါင်းစုံ ကြုံတွေ့နေကြရပြီး ထောင်ချီတဲ့ပြည်သူတွေ ထွက်ပြေးနေကြရတယ်။ စစ်ကြောင်းကလည်း အခုထိရှိနေသေးတော့ ဘယ်သူမှရွာတွေထဲ ပြန်မဝင်ရဲကြသေးဘူးလို့ သိရတယ်ဗျ။ လက်ရှိကတော့ ရိက္ခာနဲ့ တခြားစားစရာတွေ၊ ဆေးဝါးတွေ အရေးပေါ်အကူအညီတွေ လိုအပ်နေတာပေါ့ဗျာ။ နောက်ပြီး သူတို့ဘဝတွေ ပြန်လည်ထူထောင်ရေးအတွက်လည်း လိုအပ်တာတွေ အများကြီးရှိနေသေးတာပေါ့” လို့ ရေစကြိုမြို့နယ်သတင်းအချက်အလက် ကော်မတီရဲ့ တာဝန်ရှိသူတယောက်က DVB ကို ပြောပါတယ်။

အဲ့ဒီ စစ်ကောင်စီစစ်ကြောင်းဟာ ရေလယ်ကျွန်းဒေသကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က စတင်ကာ တပ်ဖွဲ့ဝင်အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီး ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရခဲ့ကြကာ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ Myingyan Black Tiger ရဲ့ ဌာနချုပ်တပ်စခန်း ၁ ခုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါသေးတယ်။

Photos .... ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013