Home
မြန်မာသတင်း
ညောင်ဦးတွင် စစ်တပ်က ပြည်သူပိုင်ပစ္စည်းများခိုးယူပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး
DVB
·
March 7, 2025
photo:ညောင်ဦး ပကဖ
photo:ညောင်ဦး ပကဖ
photo:ညောင်ဦး ပကဖ
photo:ညောင်ဦး ပကဖ
photo:ညောင်ဦး ပကဖ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီစစ်​တပ်ဖွဲ့ဝင်တွေက မတ် ၆ ရက်နေ့ မနက် ၃ နာရီဝန်းကျင်မှာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသွားပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသားတယောက်က “ကျနော်တို့ ညောင်ဦးမြို့နယ်ထဲက ကျောက်ပြင်ကန်ရွာမှာ စစ်ကြောင်းထိုးပြီး တပ်စွဲနေတဲ့ စစ်ကြောင်းက ရွာခံပြည်သူပိုင်ပစ္စည်းတွေကို ကားတွေနဲ့ သယ်သွားကြပါတယ်။ စစ်ကြောင်းထွက်သွားခါနီးမှာလည်း ရွာကအိမ်တွေကို မီးရှို့သွားကြသေးလို့ အိမ် ၇ လုံး မီးလောင်ပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိတဲ့ ကျောက်ပြင်ကန်ကျေးရွာကို မတ် ၄ ရက်နေ့ကနေစတင်ကာ စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲနေပြီး မတ် ၆ ရက်နေ့ မနက်စောပိုင်းမှာတော့ ပြည်သူပိုင်အဖိုးတန်ပစ္စည်း၊ အိမ်သုံးပရိဘောဂတွေအပြင် ဝက်၊ ကျွဲ၊ နွား စတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ယူဆောင်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်လည်ထွက်ခွာသွားကြတယ်လို့ ဆိုပါတယ်။

ညောင်ဦး ပကဖ တာဝန်ခံ ကိုဇီးက “အဲ့ဒီစစ်ကြောင်းက တပ်မ ၈၈ က အင်အား ၆၀ နီးပါးလောက်ပါတယ်။ ကျောက်ပြင်ကန်ရွာမှာ ၃ ည ယာယီတပ်စွဲပြီး အခုလိုလုပ်သွားတာ။ မြို့ပေါ်ကနေ ၁၀ ဘီးကားတွေ လှမ်းချောဆွဲပြီးတော့ကို လာသယ်ကြတာ။ အဲ့ဒီရွာက ပြီးခဲ့တဲ့ လလယ်လောက်တုန်းကလည်း တခါစစ်ကြောင်းထိုးခံရပြီးတော့ ရွာ့ပြင်က ထန်းလက်တဲတွေ မီးရှို့ခံခဲ့ရသေးတယ်။ အဲ့ဒီဘက်မှာ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ PDF စခန်းလည်းမရှိပါဘူး။ အကြောင်းရင်းကတော့ဗျာ သူတို့တွေက ပြည်သူပိုင်ပစ္စည်းကို မတော်မတရားလိုချင်တာ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးချင်တာရယ်တွေကြောင့်မို့လို့ အခုလို စစ်ကြောင်းထိုးတာလို့ မြင်ပါတယ်။ အဲ့ဒီစစ်ကြောင်းက အခု ကြအို့ရွာထဲမှာ တပ်စွဲနေတယ်လို့ သိရတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

မတ် ၆ ရက်နေ့ ညနေပိုင်းမှာတော့ ရွာခံတွေဟာ မီးလောင်ပျက်စီးသွားတဲ့ အပျက်အစီးတွေကို ရှင်းလင်းနေပြီး တချို့ရွာခံတွေဟာလည်း စစ်ကောင်စီစစ်ကြောင်း နောက်တကြိမ် လာရောက်ဖျက်ဆီးမှာကိုစိုးရိမ်တဲ့အတွက် ဆွေနီးမျိုးစပ်ရှိတဲ့ တခြားကျေးရွာတွေကို ပြောင်းရွှေ့နေ့ကြတယ်လို့ ဆိုပါတယ်။

ရှေးဟောင်းယဥ်ကျေးမှုနယ်မြေပုဂံဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်တော့မယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်ကလည်း ပုဂံညောင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို မြေပြင်စစ်ကြောင်းထိုးဝင်ရောက်နေတာတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကိုပါ လုပ်ဆောင်လာနေတယ်လို့ ညောင်ဦးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013