
ကရင်ပြည်နယ်၊ ကော့ကရိတ်အရှေ့ဘက် အာရှလမ်းမကြီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် အလုံး ၂၀၀ လောက်နဲ့ ဘုန်းကြီးကျောင်း ၃ ကျောင်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာရှလမ်းနဲ့ မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စက်တင်ဘာလဒုတိယပတ်ကစတင်ပြီး တကျော့ပြန်ထိုးစစ်ဆင်နေတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတို့ နေ့တိုင်းလိုလို တိုက်ပွဲတွေ ပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က မြေပြင်လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာလို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းကစတင်ပြီး စစ်ကောင်စီရဲ့ စခက ၁၂ အမြောက်ကုန်း၊ လှိုင်ဝ အမြောက်ကုန်းနဲ့ ခလရ ၉၇ တပ်ရင်းကနေ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက် ညနေမှာတော့ အောင်ဇေယျစစ်ကြောင်းက ကော့ကရိတ်မြို့ အရှေ့ဘက်က ကော့နွဲရွာ၊ ရွာသစ်ကုန်းရွာ၊ တစ်တန်ကူးရွာက နေအိမ် ၂၀၀ လောက်နဲ့ ဘုန်းတော်ကြီး ၃ ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တာလို့ မျက်မြင်တွေ့ရှိသူ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေက နေအိမ်တွေအတွင်းက ပစ္စည်းတွေကိုလည်း ခိုးယူသွားကြတယ်လို့ ဆိုပါတယ်။
မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေသလို မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ ဘားအံ-လိုင်းဘွဲမြို့မှာလည်း စခန်းသိမ်းတိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ဒေသခံတွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဖေဖော်ဝါရီ ၂၇ ကနေ မတ် ၁ ရက်နေ့အထိ ၃ ရက်တာအတွင်း ပြည်သူ စုစုပေါင်း ၅၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ သိရပါတယ်။
လှိုင်းဘွဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်၊ မဲ့အူးစူးအုပ်စုနဲ့ မျက်နှာချင်းဆိုင်မှာတည်ရှိပြီး နယ်စပ်နဲ့ မိုင်ဝက်ကျော်ပဲ ကွာဝေးတာကြောင့် ထိုင်းဘက်ခြမ်းကလည်း စစ်ကားတွေနဲ့ လုံခြုံရေး တင်းကျပ်ထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။