Home
မြန်မာသတင်း
အာရှလမ်းတွင် အောင်ဇေယျစစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ် တိုက်ပွဲပြင်းထန်
DVB
·
February 25, 2025

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ(အာရှ)လမ်းမှာ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

အာရှလမ်းနဲ့ မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စက်တင်ဘာလ ဒုတိယပတ်ကစတင်ပြီး တကျော့ပြန် ထိုးစစ်ဆင်နေတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲတွေ ပြင်းထန်ဖြစ်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က မြေပြင်လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ အဆတ်မပြတ် ဗုံးကြဲတိုက်ခိုက်နေပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်က ကော့နွဲ့ကျေးရွာအနီး KNLA ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက် သေဆုံးပြီး  KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က တယောက် ကျဆုံးခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ် တယောက်က ပြောပါတယ်။

“တိုက်ပွဲက ရှိတယ်။ မနေ့ကတောင် ရဲဘော်တယောက် ကျတယ်။ သူတို့(စစ်ကောင်စီ)ကတော့ မတိုးနိုင်သေးပါဘူး၊ ဒီအတိုင်းပဲ၊ ဒီအခြေအနေပဲ။ တိုးလာလိုက် လန်ကျသွားလိုက်။ မနေ့တုန်းက သူတို့ကားတွေ ဆွဲပြေးရတယ်။ ကားပျက်တွေ ဘာတွေတောင်မှ တော်တော်များများ ဘားအံဘက်ကို ပြန်သယ်ဆုတ်သွားတယ်။ ဗိုလ်ဒါဘောတို့ဘက်လည်း ချနေတယ်။ ကော့ကရိတ်ပတ်ချာလည်မှာပဲ တင်းခံနေတယ်။”

ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းကစတင်ပြီး စစ်ကောင်စီရဲ့ စခက ၁၂ အမြောက်ကုန်း၊ လှိုင်ဝ အမြောက်ကုန်းနဲ့ ခလရ ၉၇ တပ်ရင်းကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲတာတွေ လုပ်ဆောင်နေပါတယ်။

နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေပေမဲ့ ဒေသခံပြည်သူတွေဟာ သွားရေးလာရေးခက်ခဲတာ၊ နေထိုင်စားသောက်ရေး အဆင်မပြေတာကြောင့် ကျေးရွာအနီးတဝိုက်မှာပဲ တိမ်းရှောင်နေတဲ့အတွက် စိုးရိမ်ရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

“အခြေအနေကတော့ မကောင်းဘူးလေ။ သူတို့က ပစ်နေတာပဲ။ သေနတ်အသေးသံတွေကော အကြီးသံတွေကော၊ အရင်တုန်းကဆိုရင်တော့ အကြီးသံပဲ ကြားတယ်။ မနေ့ကလည်း တနေကုန်။ ဒီနေ့လည်း တမနက်လုံး ကြားရတယ်။ အသံပျောက်သွားတာ မကြာသေးဘူး။ ဒေသခံတွေက အဝေးကို တိမ်းရှောင်တာ မလုပ်တော့တာကြောင့် စစ်ရေးအရဆိုရင် စိုးရိမ်စရာရှိတယ်။  လက်နက်ကြီးတွေနဲ့ ပစ်တဲ့အခါကျတော့ ကျချင်တဲ့နေရာကျ၊ ရွာတွေပေါ်ကျ၊ လူတွေထိ ကျွဲ နွားတွေထိ ထိနေတာပဲဟာ စိုးရိမ်စရာရှိတယ်။”

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့တွင်းနဲ့ အနီးအနားက ကျေးရွာတွေကို ကျရောက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တဲ့အပြင် နေအိမ်တွေပါ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ကော့ကရိတ်-မြဝတီ(အာရှ)လမ်းပိုင်းနဲ့ အောက်ဗိုလ်တဲ လမ်းဟောင်းကို တလအတွင်း ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီက အောင်ဇေယျစစ်ကြောင်းကို အင်အားဖြည့်တင်းပြီး စစ်ရေးပြင်ဆင်ခဲ့ပေမဲ့ လက်ရှိမှာ KNLA ပူးပေါင်းစစ်ကြောင်းတွေရဲ့ တိုက်ခိုက်တာ ခံနေရပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013