Home
မြန်မာသတင်း
နောင်ချိုတွင် စစ်ကောင်စီနှင့် TNLA တို့ နှစ်ဖက်အပြန်အလှန် ထိုးစစ်ဆင်နေ
DVB
·
February 23, 2025

နောင်ချိုမြို့ တောင်ခမ်းကျေးရွာအနီးတဝိုက်နဲ့ နေရာတချို့မှာ TNLA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး အပြန်အလှန်ထိုးစစ်ဆင်တိုက်ခိုက်နေကြတယ်လို့ TNLA သတင်းရင်းမြစ်တယောက်က ပြောပါတယ်။ 

တောင်းခမ်းရွာမှာ စစ်ကောင်စီရဲ့ အမြောက်တပ်စခန်း (အမတ) ကွပ်ကဲမှုဌာနချုပ် မစခ ၉၀၂ အပါအဝင် အမတ ၃၅၄၊ ၂၀၆ နဲ့ ၄၀၆ တပ်တွေ အခြေချတပ်စွဲပြီး အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေနဲ့ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းနေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေကာ အပြန်အလှန်ထိုးစစ်ဆင် တိုက်ခိုက်နေကြတယ်လို့ သိရပါတယ်။ 

TNLA သတင်းအရင်းမြစ်က “စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးပစ်ကူ အလုံးအရင်းသုံးပြီး တဖြည်းဖြည်းတိုးလာတော့ တောင်ခမ်းကနေ ဆုတ်ပေးလိုက်ရတဲ့နေရာတွေ ရှိတယ်။ အဲ့ဒီနေရာတွေကို ဒီဘက်က ပြန်ပိတ်ဆို့တိုက်ခိုက်တာမျိုးကြောင့် နှစ်ဖက်လုံးက သူတပြန်၊ ကိုယ်တပြန်မျိုးဖြစ်နေတာ” လို့ ပြောပါတယ်။  

တောင်ခမ်းမှာ စစ်တပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အကြား တိုက်ပွဲပြင်းထန်နေတာ ၆ လကျော်ကြာ ရှိနေပြီဖြစ်ပြီး စစ်ကောင်စီနဲ့ မဆွေးနွေးခင်ကလည်း တိုက်ကပွဲပြင်းထန်ခဲ့သလို ဆွေးနွေးပွဲပြီးဆုံးချိန်မှာလည်း နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ 

ဒီလိုတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီက လေကြောင်းအသုံးပြုမှု ပိုမိုပြုလုပ်လာသလို ဆွေးနွေးပွဲပြီးချိန်မှာလည်း နောင်ချိုမြို့နဲ့ TNLA ထိန်းချုပ်ထားတဲ့ ဒေသတော်တော်များများကို လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာတယ်လို့ TNLA သတင်းအရင်းမြစ်က ဆိုပါတယ်။ 

တောင်ခမ်းက စစ်ကောင်စီရဲ့ အမြောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ် မစခ ၉၀၂ အပါအဝင် အမတ ၃၅၄ တို့ကို TNLA ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်စက်တင်ဘာလထဲမှာ သိမ်းပိုက်ခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024