Home
မြန်မာသတင်း
နောင်ချိုမြို့ကို စစ်ကောင်စီက ဆက်တိုက်ဗုံးကြဲ၊ ဒေသခံများ ထိခိုက်သေဆုံး
DVB
·
February 21, 2025
Photo : Thein Aung

စစ်ကောင်စီနဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ ဆွေးနွေးပွဲအပြီးမှာ TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ နောင်ချိုမြို့ထဲကို စစ်ကောင်စီဘက်က ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ သေဆုံးခဲ့ပါတယ်။

ဆွေးနွေးပွဲပြီးတဲ့ညပိုင်း ဖေဖော်ဝါရီ ၁၉ ရက်မှာပဲ နောင်ချိုမြို့ကို လေကြောင်းကတိုက်ခိုက်ခဲ့လို့ ဒေသခံ ၃ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းမှာလည်း နောင်ချိုမြို့နယ်၊ လောက်ဖန်းရွာထဲကို နှစ်ကြိမ်ဆက်တိုက် ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အိုတယောက် သေဆုံးပြီး ကလေးငယ်တယောက် အပါအဝင် ၃ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားတွေရှိရာကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ TNLA က ဖေဖော်ဝါရီ ၂၀ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ကိုယ်စားလှယ်တွေဟာ တရုတ်အစိုးရရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ နှစ်ရက်တာ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဆွေးနွေးမှုတွေ ခက်ခဲခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဆွေးနွေးပွဲမှာ နှစ်ဖက် အပြန်အလှန် တောင်းဆိုမှုတွေ လုပ်ခဲ့ကြပြီး နှစ်ဖက်တပ် ရောက်တဲ့နေရာမှာ အပစ်အခတ်ရပ်စဲဖို့၊ နှစ်ဖက်ထိုးစစ်လုပ်ခြင်း၊ ဒရုန်းနဲ့တိုက်ခိုက်ခြင်း၊ လက်နက်ကြီးနဲ့ပစ်ခတ်ခြင်း၊ လေကြောင်းဗုံးကြဲခြင်း အစရှိတဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်ဖို့ သဘောတူခဲ့ကြပါတယ်။

အဲဒီလို သဘောတူညီမှုတွေရှိတယ်လို့ TNLA ဘက်က ထုတ်ပြန်ခဲ့ပေမဲ့ ဆွေးနွေးပွဲအပြီးမှာပဲ စစ်ကောင်စီတပ်တွေက နောင်ချိုမြို့နယ်ကို ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပြီး အရပ်သားတွေ သေဆုံးခဲ့ရပါတယ်။

နှစ်ရက်တာဆွေးနွေးပွဲမှာ TNLA ဘက်က နှစ်ဖက်တပ်တွေ ရောက်တဲ့နေရာမှာရပ်ပြီး အပစ်အခတ် ရပ်ကြဖို့ဆိုတဲ့ အချက်ကို စစ်တပ်ဘက်က သဘောမတူတဲ့အတွက် ဆွေးနွေးပွဲကို ထပ်မံရွှေ့ဆိုင်းလိုက်တာ ဖြစ်နိုင်တယ်လို့လည်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ထားကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013