
တရုတ်နိုင်ငံမှာ စစ်ကောင်စီနဲ့ ၂ ရက်တာ တွေ့ဆုံဆွေးနွေးမှုက ခက်ခဲခဲ့ပြီး သဘောတူညီချက် ၃ ချက်ပဲ ရခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ခဲ့ပြီး ဆွေးနွေးပွဲကို အဆုံးလိုက်တဲ့ ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းမှာပဲ စစ်ကောင်စီက နောင်ချိုမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ တအာင်းပြည် တပ်မဟာ ၂ နယ်မြေ နောင်ချိုမြို့ကို စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၃ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားတွေရှိရာကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ကိုယ်စားလှယ်တွေဟာ တရုတ်အစိုးရရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ဖေဖော်ဝါရီ ၁၅ ရက်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ နှစ်ဖက် အပြန်အလှန် တောင်းဆိုမှုတွေ လုပ်ခဲ့ကြပြီး နှစ်ဖက်တပ် ရောက်တဲ့နေရာမှာ အပစ်အခတ်ရပ်စဲဖို့၊ နှစ်ဖက်ထိုးစစ်လုပ်ခြင်း၊ ဒရုန်းနဲ့တိုက်ခိုက်ခြင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်း၊ လေကြောင်းဗုံးကြဲခြင်း အစရှိတဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်ဖို့ သဘောတူခဲ့ကြပါတယ်။
ဒါ့အပြင် နောက်ဆုံးအချက်အနေနဲ့ နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသတွေမှာ ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ဆေးဝါးသယ်ဆောင်နိုင်ဖို့အတွက် ဖြတ်သန်းသွားလာခွင့်ပြုဖို့လည်း သဘောတူခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။
လက်ရှိ နှစ်ဖက်ဆွေးနွေးမှုဟာ ခက်ခဲတဲ့အခြေအနေ ဖြစ်သွားတာကြောင့် သက်ဆိုင်ရာအဖွဲ့တွေကြား ဆွေးနွေးမှုတွေ ပြန်လည်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
နောက်တကြိမ် ဆွေးနွေးမှုကိုတော့ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှု ခက်ခဲတဲ့ အခြေအနေကြောင့် သက်ဆိုင်ရာအဖွဲ့တွေ ဆွေးနွေးပြင်ဆင်မှုတွေ လုပ်ပြီးရင် ထပ်လုပ်သွားမယ်လို့ ဆိုပါတယ်။
ဆွေးနွေးမှုထပ်လုပ်နိုင်ဖို့ တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဦးဆောင်ပြီး ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့တယ်လို့ ဆိုပါတယ်။