Home
မြန်မာသတင်း
TNLA နှင့် စစ်ကောင်စီတို့ ညှိနှိုင်းရန်ခက်သဖြင့် ဆွေးနွေးပွဲရပ်ဆိုင်း
DVB
·
February 19, 2025
TNLA19022025E

စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းတာ ခက်ခဲတာကြောင့် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၇ ရက်မှာ ရပ်လိုက်တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ကိုယ်စားလှယ်တွေနဲ့ အမှတ် ၁ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ စစ်ကောင်စီတပ်ကိုယ်စားလှယ်တို့ဟာ တရုတ်အစိုးရရဲ့စီစဉ်ချက်အရ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့က ဟိုင်ဂင်ဟိုတယ်မှာ ဖေဖော်ဝါရီ ၁၆ နဲ့ ၁၇ ရက်နေ့တွေက တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ဆွေးနွေးပွဲမှာ နှစ်ဖက်တောင်းဆိုတင်ပြတာတွေ အပြန်အလှန်ပြုလုပ်ခဲ့ကြပြီး ဆွေးနွေးညှိနှိုင်းဖို့ ခက်ခဲတာကြောင့် ၁၇ ရက်နေ့ ညနေပိုင်းမှာ တွေ့ဆုံပွဲ ပြီးဆုံးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

TNLA ဘက်က ပစ်ခတ်တိုက်ခိုက်တာတွေရပ်တန့်နိုင်ဖို့အတွက် နှစ်ဖက်တပ်တွေ ရောက်ရှိတဲ့နေရာမှာ ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲဖို့၊ နှစ်ဖက်စလုံး ထိုးစစ်တွေ၊ ဒရုန်း၊ လက်နက်ကြီးနဲ့ တိုက်ခိုက်တာ၊ လေယာဉ်ဗုံးကြဲချတာ စတဲ့ စစ်ရေးလှုပ်ရှားမှုတွေ အားလုံးရပ်တန့်ဖို့၊  နှစ်ဖက်ထိန်းချုပ် နယ်မြေ ဒေသတွေမှာ ဒေသခံပြည်သူတွေစားဝတ်နေရေးနဲ့ ဆေးဝါးတွေ သယ်ဆောင်နိုင်ရန်ဖို့အတွက် ဖြတ်သန်းသွားလာခွင့်ပြုဖို့အတွက် တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်ညှိနှိုင်းဆွေးနွေးဖို့ ခက်ခဲတဲ့ အခြေအနေရှိတာကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအကြား ဆွေးနွေးပြင်ဆင်တာတွေလုပ်ပြီးရင် နောက်ထပ်တကြိမ် ပြန်လည်တွေ့ဆုံနိုင်ဖို့ တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဦးဆောင်ဆွေးနွေးပြီး တွေ့ဆုံမှုကို အဆုံးသတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

TNLA နဲ့ စစ်ကောင်စီတို့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ကူမင်းမြို့ကို စတင်ရောက်ရှိချိန်ကပဲ စစ်ကောင်စီဟာ နောင်ချိုမြို့နယ်ကို ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေခဲ့တာပါ။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ဟာ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နဲ့ သီပေါမြို့နယ်တို့ကို သိမ်းပိုက်ထားပါတယ်။

Photo - TNLA

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013