
တရုတ် AI chatbot ဖြစ်တဲ့ DeepSeek ကို တောင်ကိုရီးယားနိုင်ငံမှာ ဒေါင်းလုတ်လုပ်ခွင့် ပိတ်ပင်ထားပါတယ်။
အချက်အလက်လုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့အတွက် app store ကနေ တောင်ကိုရီးယားက ဖယ်ရှားတာဖြစ်ပါတယ်။
အစိုးရအေဂျင်စီက နိုင်ငံရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်အကာအကွယ်ပေးရေး ဥပဒေတွေကို ပြဋ္ဌာန်းပြီးတဲ့ တိုးတက်မှုနဲ့ ပြင်ဆင်မှုတွေ ဖြစ်ပြီးတဲ့အချိန်မှသာ အသုံးပြုသူတွေအနေနဲ့ ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Deepseek ဟာ ကမ္ဘာပေါ်မှာ နာမည်ကြီးလာတဲ့နောက် တောင်ကိုရီးယားမှာလည်း ရေပန်းစားတဲ့ app တခု ဖြစ်လာပြီး တပတ်အတွင်း သုံးစွဲသူ ၁ သန်းကျော်ရှိကာ app ထဲမှာ ထိပ်ဆုံးကို ရောက်လာတာပါ။
ဒါပေမဲ့ ကမ္ဘာပေါ်က နိုင်ငံတွေက ပုဂ္ဂိုလ်ရေး၊ အမျိုးသားလုံးခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိတာကြောင့် ကန့်သတ်မှုတွေ ရှိလာပါတယ်။
တောင်ကိုရီးယားရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက် ကာကွယ်ရေး ကော်မရှင်က စနေနေ့ညနေက စပြီး apple ရဲ့ app store နဲ့ google play store မှာ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယား အစိုးရဌာနတွေကလည်း အစိုးရဝန်ထမ်းတွေကို Deepseek ဒေါင်းလုတ်မလုပ်ဖို့ ညွှန်ကြားထားပါတယ်။
တောင်ကိုရီးယား ယာယီသမ္မတကလည်း Deepseek ဟာ နိုင်ငံရဲ့ စက်မှုလုပ်ငန်းတွေကို အကျိုးသက်ရောက်မှု ရှိစေနိုင်ကြောင်း၊ Deepseek က ထိတ်လန့်မှုကို ဖြစ်စေကြောင်း ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ Deepseek ကို ဒေါင်းလုတ် လုပ်ပြီး သုံးလို့မရအောင် ပိတ်ထားပေမဲ့ လူတွေကတော့ ဝက်ဘ်ဆိုက်ကနေ အသုံးပြုနိုင်တာလည်း တွေ့ရပါတယ်။
လက်ရှိအချိန်မှာ တရုတ်နိုင်ငံထုတ် Deepseek ကို အီတလီ၊ ထိုင်ဝမ်၊ ဩစတြေးလျနိုင်ငံတို့ရဲ့ အစိုးရဌာနတွေအားလုံး အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။
အမေရိကန်နိုင်ငံမှာလည်း ပြည်နယ်အဆင့် ပိတ်ပင်မှုအဖြစ် တက္ကဆက်၊ ဗာဂျီးနီးယားနဲ့ နယူးယော့ခ်မြို့တွေမှာ ပိတ်ပင်မှုတွေ ပြုလုပ်ထားပါတယ်။
Source : Reuters