Home
နိုင်ငံတကာ
တောင်ကိုရီးယား ရုပ်ရှင်မင်းသမီး ကင်မ်ဆယ်ရွန်း ရုတ်တရက် ကွယ်လွန်
DVB
·
February 17, 2025
Photo: REUTERS/Bobby Yip

တောင်ကိုရီးယား ရုပ်ရှင်မင်းသမီး ကင်မ်ဆယ်ရွန်းဟာ တနင်္ဂနွေနေ့က သူ့အိမ်မှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။

“The Man from Nowhere”၊ “The Neighbors”၊ “The Villagers” ဇာတ်ကားတွေနဲ့ လူသိများခဲ့တဲ့ အသက် ၂၄ နှစ်ပဲရှိသေးတဲ့ ဒီမင်းသမီးဟာ  ကလေးသရုပ်ဆောင်ဘဝကတည်းက ထင်ရှားခဲ့သူ ဖြစ်ပါတယ်။

မင်းသမီးဟာ ၂၀၂၂ က မူးနေတဲ့အချိန် ကားမောင်းပြီး လမ်းဘေးအကာအရံတွေနဲ့ ထရန်စဖော်မာကို ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်ကြောင့် ဂုဏ်သတင်း ထိခိုက်ခဲ့ပြီး ဒဏ်ကြေး ဝမ် သန်း ၂၀ လည်း ချမှတ်ခံခဲ့ရပါတယ်။

ဆိုးလ်အရှေ့ဘက်၊ ဆောင်ဆူဒေါင်းက နေအိမ်မှာ သေဆုံးနေတာကို  ချိန်းဆိုထားတဲ့ သူ့သူငယ်ချင်း ရောက်လာတဲ့ ညနေ ၅ နာရီဝန်းကျင်မှ သိခဲ့ရတာ ဖြစ်ပါတယ်။

သေဆုံးရတဲ့ အခြေအနေကို စုံစမ်းစစ်ဆေးနေပေမဲ့ ဘေးပယောဂ တစုံတရာ မတွေ့ရသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

၂၀၀၉ မှာ ရုံတင်ခဲ့တဲ့ A Brand New Life ဇာတ်ကားအတွက် ကင်မ်ဟာ ကန်းစ်ရုပ်ရှင်ပွဲတော်ကို ဖိတ်ကြားခံခဲ့ရတဲ့ အသက်ငယ်ဆုံး ကိုရီးယားသရုပ်ဆောင် ဖြစ်ခဲ့ပါတယ်။

၂၀၂၂ မတော်တဆမှု နောက်ပိုင်းမှာတော့ အနုပညာလောကမှာ အကြဉ်ခံခဲ့ရပြီး Netflix ကိုရီးယားစီးရီး Bloodhound ထဲက သူ့အခန်းတွေ ဖယ်ထုတ်ခံခဲ့ရသလို SBS ကလွှင့်တဲ့ ဒရာမာကလည်း နုတ်ထွက်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီမှာ ပြဇာတ်နဲ့ အနုပညာလောကကို ပြန်ဝင်ဖို့ ကြိုးစားခဲ့ပေမဲ့ ဝေဖန်မှုတွေကြောင့် ကျန်းမာရေးအကြောင်းပြပြီး နုတ်ထွက်ခဲ့ရပြန်ပါတယ်။

ကင်မ်ရဲ့ ပရိသတ်တွေကတော့ နာမည်ကျော်တွေနဲ့ ပတ်သက်လာရင် အရမ်းအဆိပ်အတောက် ဖြစ်တဲ့ အွန်လိုင်းဝေဖန်မှုတွေက ကင်မ်ရဲ့ဘဝကို အဆုံးသတ်စေခဲ့တယ်လို့ ထောက်ပြကြပါတယ်။

ကင်မ်ဆယ်ရွန်းဟာ အတိတ်က မှားခဲ့တာတွေကို ဝန်ခံ၊ နောင်တရပြီးတော့ သူ့ဘဝကို ပြန်တည်ဆောက်ဖို့ ကြိုးစားခဲ့ပေမဲ့ သူ့အပေါ် ဝေဖန်မှုတွေနဲ့ အေးစက်တဲ့ တုံ့ပြန်မှုတွေ အတိုင်းအတာဟာ လူတယောက် ခံနိုင်ရည်ရှိတာထက် ကျော်လွန်ခဲ့တယ်လို့ သူ့ပရိသတ်တွေက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013