
အမေရိကန်ပြည်ထောင်စုဟာ နျူးကလီးယား ရေငုပ်သင်္ဘောတစင်းကို တောင်ကိုရီးယား ဆိပ်ကမ်းဆီ စေလွှတ်ခြင်းအားဖြင့် လုံခြုံရေး ခြိမ်းခြောက်မှုကြီးကို ထပ်မံပြုလုပ်လာကြောင်း မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားရဲ့ စစ်ရေးတပ်ဖွဲ့တွေဟာ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှု မှန်သမျှကို လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြောတဲ့အကြောင်း KCNA သတင်းဌာနက ဖော်ပြပါတယ်။
မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက “ကိုရီးယားကျွန်းဆွယ်တဝိုက်မှာ ပြင်းထန်တဲ့ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်မြောက်လာနိုင်တဲ့ အမေရိကန်ရဲ့ အန္တရာယ်ရှိတဲ့ ရန်လိုတဲ့ စစ်ရေးလုပ်ရပ်အတွက် ကျနော်တို့ အကြီးအကျယ် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
USS အလက်ဇန္ဒြားရေငုပ်သင်္ဘောဟာ တနင်္လာနေ့က ထောက်ပံ့ရေးနဲ့ သင်္ဘောသားတွေ အနားယူဖို့အတွက် ဘူဆန်ဆိပ်ကမ်းကို ဝင်ရောက်လာခဲ့ပြီး ဒါဟာ ၂ နိုင်ငံ ရေတပ်တွေ အပြန်အလှန် ဖလှယ်မှုနဲ့ ပေါင်းစပ်ကာကွယ်ရေး အနေအထားကို မြှင့်တင်ဖို့ အခွင့်အလမ်း ဖြစ်လာမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန် စစ်ဘက်အင်အားနဲ့ အဆောက်အဦ တည်ရှိမှုတွေနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့တွေရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို အမြဲလိုလို ဝေဖန်လေ့ရှိပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးမယ်လို့ ပြောထားပေမဲ့ ပြီးခဲ့တဲ့လက သူ့ရဲ့ ဒုတိယအကြိမ် သမ္မတရာထူးကို စတင်တာဝန်ယူခဲ့ပြီးနောက်မှာ မြောက်ကိုရီးယားဟာ ခပ်ကြမ်းကြမ်း ခပ်ပြင်းပြင်း စကားလုံးတွေကို အရှိန်မြှင့် ပြောဆိုလာတာ ဖြစ်ပါတယ်။
Source : Reuters