Home
နိုင်ငံတကာ
ထရမ့်ပ် လိုချင်သည့် မြေရှားနှင့် သယံဇာတသိုက်များပြ လျှို့ဝှက်မြေပုံ ဇလန်းစကီး ထုတ်ပြ
DVB
·
February 9, 2025
Photo: 2025. REUTERS/Valentyn Ogirenko

တချိန်က လျှို့ဝှက်အဖြစ် သတ်မှတ်ခဲ့တဲ့ ယူကရိန်းနိုင်ငံတွင်းက မြေရှားနဲ့ အခြား အရေးကြီးသယံဇာတသိုက်တွေပြတဲ့ မြေပုံကို သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးတခုမှာ ထုတ်ပြခဲ့ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းစစ်ပွဲအတွက် ဘဏ္ဍာရေးပံ့ပိုးမှုတွေလုပ်ဖို့ အဖိုးစားနားအနေနဲ့ မြေရှားနဲ့ အခြားသယံဇာတတွေ ယူကရိန်းက အမေရိကန်ကို ပံ့ပိုးပေးဖို့ ဖေဖော်ဝါရီ ၃ ရက်နေ့က အဆိုပြုထားပါတယ်။ 

“သဘောတူညီချက်အကြောင်း ပြောမယ်ဆိုရင်၊ သဘောတူကြတာပေါ့ဗျာ၊ ကျုပ်တို့ဘက်က အသင့်ပါပဲ” လို့ ဇလန်းစကီးကပြောပါတယ်။ 

မဟာမိတ်တွေနဲ့ ဘယ်လို သဘောတူညီချက်မဆို ယူကရိန်းအတွက် လုံခြုံရေး သဘောတူညီချက်တော့ ပါဝင်ရမယ်လို့ ဆိုပါတယ်။ 

ယူကရိန်းဟာ ပြီးခဲ့တဲ့ ဆောင်းဦးကာလကတည်းက ချပြခဲ့တဲ့ “အောင်နိုင်ရေးအစီအစဉ်” မှာ အရေးကြီးတဲ့ သယံဇာတွေမှာ မဟာမိတ်တွေ ရင်းနှီးမြှုပ်နှံဖို့လို့ ပါရှိခဲ့တယ်လို့ ဆိုပါတယ်။

အရင်းအမြစ်တွေကို ပေးလိုက်တာမျိုးမဟုတ်ဘဲ အပြန်အလှန်အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုပုံစံကို ဆိုလိုတာလို့လည်း ယူကရိန်းသမ္မတက ပြောပါတယ် 

ယူကရိန်းမှာ မြေရှားသတ္တုတွေ၊ ဥရောပရဲ့ အကြီးဆုံး တိုက်တေနီယမ်သိုက်နဲ့ ယူရေနီယမ် အပါအဝင် တန်ဖိုးမြင့်သတ္တုတွင်း အများအပြား ရှိနေပါတယ်။  

လက်ရှိမှာ အဲဒီထဲက ၂၀ ရာခိုင်နှုန်းလောက်သာ ရုရှားထိန်းချုပ်မှုအောက် ရောက်နေပါတယ်။ “အမေရိကန်က အများဆုံးကူညီထားတဲ့အတွက် အမေရိကန်က အများဆုံး အကျိုးအမြတ် ရသင့်ပါတယ်။ ဒီအကြောင်း သမ္မတထရမ့်ပ်နဲ့ ဆွေးနွေးချင်ပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် ဥရောပမှာ အကြီးဆုံးဖြစ်တဲ့ ယူကရိန်းရဲ့ သဘာဝဓာတ်ငွေ့သိုလှောင်ရုံတွေကို အမေရိကန်ရဲ့ LNG လုပ်ငန်းအတွက် အသုံးပြုဖို့လည်း ကမ်းလှမ်းလိုက်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013