
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၇ ရက် ည ၁၀ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၄ ယောက်သေဆုံးသွားသလို လူနေအိမ်တချို့ ပျက်စီးသွားခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်းရှိကာ ခိုင်းနွားတချို့လည်း ထိခိုက်သေဆုံးခဲ့တယ်လို့ မြင်းခြံမြို့နယ်လူထုလှုပ်ရှားမှုကော်မတီထံက သိရပါတယ်။
မြင်းခြံမြို့နယ် လူထုလှုပ်ရှားမှုကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “မြင်းခြံမြို့နယ်ထဲက တူရွင်းဘို့ရွာကို မိတ္ထီလာရှမ်းတဲလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပြီးလေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားတယ်။ ပြည်သူ ၄ ဦးဆုံးသွားပါတယ်။ ဒဏ်ရာရရှိသူတွေလည်းရှိပါတယ်။ အိမ် ၃ လုံး ပျက်စီးသွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြရသူတွေဟာ အသက် ၅၀ နဲ့ ၇၀ အရွယ်တွေဖြစ်ကြတဲ့ အမျိုးသား တယောက်နဲ့ အမျိုးသမီး ၃ ယောက်တို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။
မြင်းခြံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “ဒီလိုဗျ။ အဲ့ဒိ တူရွင်းဘို့ရွာဆိုတာ မြင်းခြံရဲ့အရှေ့မြောက်ဘက် ၈ မိုင်လောက်မှာရှိတယ်။ မြို့သာ-မြင်းခြံ-ညောင်ဦး ကားလမ်းဘေးမှာတင်ရှိတာ။ ကြဲသွားတဲ့ဗုံးက ပေါင် ၅၀၀ လောက် ရှိမယ်လို့ ယူဆတယ်။ နေရာမှာတင်ဆုံးသွားတာက အသက် ၅၀ နဲ့ ၇၀ ကြား အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ပါ။ ဒဏ်ရာပြင်းထန်တဲ့သူတွေကို မြင်းခြံဆေးရုံကိုပို့တော့ လမ်းမှာရှိတဲ့ ခွေးဂိတ်က အဖြတ်မခံလို့ လက်ပြတ်သွားတဲ့ အမျိုးသမီးတယောက် သွေးထွက်လွန်ပြီး ထပ်ဆုံးသွားတာပါ။ အခုထိ သေဆုံးသူစုစုပေါင်းကတော့ ၄ ဦးရှိပါပြီ။ ဒဏ်ရာရတဲ့သူက ၆ ယောက် ၇ ယောက်လောက်ရှိသေးတယ်။ အဲ့ဒိထဲမှာလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေ ရှိနေပါသေးတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အဆိုပါကျေးရွာကို ဗုံးကြဲချမှုကြောင့် လူနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ရသလို ခိုင်းနွားတချို့လည်း သေဆုံးထိခိုက်မှုတွေရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရတဲ့ တူရွင်းဘို့ကျေးရွာက ဒေသခံပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ နောက်ထပ်ဗုံးကြဲခံရမှာကို စိုးရိမ်ကြတဲ့အတွက် ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့နေထိုင်နေကြတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီကုန်ပိုင်းကလည်း အဆိုပါ တူရင်းဘို့ကျေးရွာက ရွာခံအမျိုးသမီး ၄ ယောက် ကို စစ်ဝတ်စုံဝတ်ထားတဲ့ လက်နက်ကိုင်ဆောင်ထားကြသူတွေက ဖမ်းဆီးခေါ်ဆောင်သွားကာ သေနတ်နဲ့ ပစ်သတ်သွားခဲ့ကြပြီး အလောင်းတွေကိုလည်း လမ်းဘေးမှာ စွန့်ပစ်သွားခဲ့ကြ ပါသေးတယ်။