Home
မြန်မာသတင်း
ဖားကန့် ဝါရာဇွပ်ကျေးရွာကို စစ်တပ်ကဗုံးကြဲ၊ အရပ်သား ၁ ဦးသေဆုံးပြီး နေအိမ်အချို့မီးလောင်
DVB
·
February 18, 2025

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟူးကောင်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတယောက် သေဆုံးခဲ့ပြီး နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၃ နာရီဝန်းကျင်လောက်က ဂျက်လေယာဉ်တစ်စီးနဲ့ ဝါရာဇွပ်ကျေးရွာအလည်တည့်တည့်ကို ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။

“၃ နာရီလောက်ဖြစ်မယ်၊ ဗုံး ၂ လုံး ရွာအလယ်တည့်တည့်ပဲ။ တယောက်သေတယ်။ ခေါင်းကို ဗုံးစ မှန်လို့ ပွဲချင်းပြီးသေတာ။ နေအိမ် ၃ လုံး မီးလောင်ပျက်စီးတယ်။ မင်းဇေသန့်လုပ်တာပဲ။ ရွာထဲမှာ KIA တွေ သွားလာတာလည်း သိပ်မရှိဘူး။”

လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုဟာ စာသင်ကျောင်းအနောက်ဘက်ကို ကျမှန်ပေါက်ကွဲခဲ့ပြီး နေအိမ်ထိမှန်ကာ အသက် ၂၇ နှစ်အရွယ် အမျိုးသားတယောက် ဦးခေါင်းကို ဗုံးစမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့နောက်ပိုင်းကစတင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့က နောင်းမီကျေးရွာကနေ ဝါရာဇွပ်ကျေးရွာဖြတ်တဲ့ ပြည်ထောင်စု ကားလမ်းမကြီးကို အသွားအလာကန့်သတ်ပြီး စစ်ရေးလှုပ်ရှားလာတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဒါကြောင့် စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့နဲ့ KIA တပ်မဟာ ၂ တပ်ရင်း ၁၄ တို့ကြား စစ်ရေးတင်မားနေတာ ၁၀ ရက် ကျော်ခန့်ရှိလာပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း နေ့တိုင်းလိုလို မင်းဇေသန့်အဖွဲ့က ဒရုန်းနဲ့ လာရောက် ပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာအပြင် မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့တွေရဲ့ ဒရုန်း လက်နက်ကြီးတွေ နေ့တိုင်းလိုလို ပစ်ခတ်ခံနေရတာကြောင့် ပါရာဇွပ်ဒေသခံပြည်သူတွေဟာ နေ့ တိုင်းနီးပါး ကျေးရွာကနေ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်း ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ လဝါးကျေးရွာမှာ အထိုင်ချထားတဲ့ KIA တပ်စခန်းတခုကို မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် KIA တပ်သား ၄ ဦး သေဆုံးခဲ့ပြီး တနှစ်ကျော်ခန့်အကြာ တိုက်ပွဲငြိမ်သက်သွားတဲ့ ရှဒူးဇွပ်၊ ဝါရာဇွပ်ဒေသမှာ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့နဲ့ KIA တပ်တွေကြား တဖန် စစ်ရေးပြန်လည်တင်းမာလာတာ ဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်း KIA တပ်တွေဟာ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဝါရာဇွပ်၊ ရှဒူးဇွပ်ဒေသတွေမှာ စစ်ရေးတန်ပြန်လှုပ်ရှားလာတဲ့အတွက် စစ်ရေးတင်းမာနေပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်လာနိုင်ဖွယ်ရှိတယ်လို ဒေသခံတွေက သုံးသပ်နေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013