စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း ဆက်တိုက်လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးပြီး အဆောက်အဦတွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အနောက်တောင်ခြမ်း ချင်းတွင်းမြစ်ကမ်ဘေးမှာရှိတဲ့ စလွန်းကွမ်းခြံရွာနဲ့ ထန်းတောရွာကို ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၅ နာရီလောက်မှာ စစ်တပ်က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် လေကြောင်းတိုက်ခိုက်သွားတယ်လို့ ဒေသခံက ပြောပါတယ်။
ဒေသခံရွာသားတယောက်က “ကျနော်တို့ကွမ်းခြံရွာက ဇောတိကရုံ ဘုန်းတော်ကြီးကျောင်းကို Rocketနဲ့ ပစ်လို့ အာရုံခံ အဆောက်ဦးတလုံး ပြိုကျပျက်စီးသွားတယ်ဗျ။ သူတို့က Rocket ၂ လုံးနဲ့ပစ်ပြီး စက်လက်နဲ့ပါ ပတ်ပြီး ပစ်သွားတာ။ အရပ်သားထိခိုက်မှုကတော့ ဘာမှမရှိခဲ့လို့ ကံကောင်းသွားတယ်။ ဘာကြောင့် ပစ်တာလဲကတော့ မသိဘူးရယ်”လို့ ပြောပါတယ်။
ဇလွန်းရွာနဲ့ ကွမ်းခြံရွာဟာ ရွာချင်းထိစပ်နေပြီး ၂ ရွာပေါင်း အိမ်ခြေ ၄၀၀ လောက်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။ စစ်တပ်ကလေယာဉ်နဲ့ ပစ်ခတ်လို့ ဒေသခံတွေ နေရပ်စွန့်ခွါနေကြရတယ်လို့ သိရပါတယ်။
ထန်းတောရွာသားတယောက်က “ကျနော်တို့ ထန်းတောရွာကိုတော့ လက်နက်ကြီးကျလို့ ရွာတောင်ပိုင်းက အိမ် ၃ လုံးနဲ့ ရွာအလယ်ပိုင်းက ၂ လုံး စုစုပေါင်း အိမ် ၅ လုံး ပျက်တယ်ဗျ။ ရွာအရှေ့ပိုင်းလည်း လက်နက်ကြီး ၂ လုံးကျတယ်။ အပျက်စီးကတော့ သွားမကြည့်ရ သေးဘူး။ လူကတော့ အခုလောလောဆယ် သိထားရတာက ယောကျ်ားလေး ၂ ယောက်နဲ့ မိန်းကလေး တယောက် စုစုပေါင်း ၃ ယောက် မစိုးရိမ်ရဒဏ်ရာရရှိထားပါတယ်”လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်း ၉ နာရီလောက်မှာ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာ၊ သစ်ဆိမ့်ကျေးရွာနဲ့ ချောင်းဦးမြို့နယ် ရှမ်းထူးကျေးရွာတွေကို စစ်တပ်က ဗုံးသီးချ တိုက်ခိုက်တယ်လို့လည်း သိရပါတယ်။
ချောင်းဦးမြို့နယ် လူမှုကူညီရေး ပရဟိတအဖွဲ့ဝင်တယောက်က “ခါတိုင်းလည်း ရွာပေါ်ကနေ ဖြတ်ပျံနေကြဆိုတော့ ကိုယ်ရွာကို မချလောက်ဘူးထင်နေတာပေါ့။ ကနဦး ချောင်းဦးမြို့နယ်ဘက် ဝဲပြီး ရှမ်းထူးကျေးရွာဘက် ချတာ။ ရှမ်းထူးရွာရဲ့ စာသင်ကျောင်းတောင်ဘက် ကျတယ်။ ပြည်သူ ၃ ဦး ထိထားတယ်။ အဲဒီ ၃ ဦးထဲက ၂ ဦးကတော့ အခြေအနေ သိပ်မကောင်းဘူး။ မုံရွာမြို့နယ် ညောင်ဖြူပင်ရွာကိုတော့ ပထမအကြိမ် ၅ လုံး၊ ဒုတိယအကြိမ် ၃ လုံး ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်။ ၁၅ ဦးထက်မနည်း ထိခိုက်ပြီး ၅ ဦးထက်မနည်း သေဆုံးတယ်။ သစ်ဆိမ့်ရွာကိုလည်း ဗုံးသီး ၁၅ လုံး ကြဲချသွားတာ လူ ၄ ဦး သေဆုံး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က အဆိုပါကျေးရွာတွေကို ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်း ၉ နာရီကနေ ၁၁ နာရီအထိ တကြိမ်၊ ဖေဖော်ဝါရီ ၁၃ ရက် မနက်အစောပိုင်း ၂ နာရီကနေ ၃ နာရီနီးပါးအထိ တကြိမ်၊ ၅ နာရီကနေ ၅ နာရီခွဲအထိ တကြိမ် စုစုပေါင်း ၃ ကြိမ် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
ဆားလင်းကြီးမြို့နယ် ဒေသခံတယောက်က “ညပိုင်း မုံရွာနယ်၊ ချောင်းဦးနယ်တွေကို ဗုံးကြဲတာ။ ကျမတို့ရွာတွေဘက်ကနေ ကြားနေရတယ်။ အဲလို ဗုံးကြဲလို့ ဒေသခံတွေက ကျမတို့ ဆားလင်းကြီးနယ်ဘက်ကို ချင်းတွင်းမြစ်ကို စက်လှေ၊ လှေတွေနဲ့ ဖြတ်ကူး ထွက်ပြေးလာကြတယ်။ သူတို့ထွက်ပြေးလာပြီး မနက်ခင်း ၅ နာရီမှာ ဆားလင်းကြီးနယ်၊ ချောင်းဦးနယ် ချင်းတွင်းမြစ်ရိုး တလျှောက်ကို လေယာဉ်နဲ့ ဗုံးလိုက်ကြဲတယ်။ အဲလိုဗုံးကြဲလို့ ဆားလင်းကြီးနယ် ဝဲကြီးရွာက အသက် ၁၄ နှစ် မိန်းကလေးနဲ့ ၅ နှစ်အရွယ် ကလေးငယ်တဦး ထိခိုက်ဒဏ်ရာရတယ်။ နွားတကောင်သေတယ်။ ကျန်တာကတော့ ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။
စစ်တပ်က တညလုံးနီပါး လေယာဉ်နဲ့တိုက်ခိုက်လို့ အိမ်ခြေ ၁,၀၀၀ ခန့်ရှိတဲ့ ညောင်ဖြူပင်ရွာ ဒေသခံတွေ၊ ကံကြီးကုန်းရွာ ဒေသခံတွေ၊ ဝဲကြီးရွာ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရ ပါတယ်။
မုံရွာမြို့၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းက ကျေးရွာတွေကို ဖေဖော်ဝါရီ ၁၂ ရက်က စတင်ပြီး နေ့တိုင်းလိုလို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲနေတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်က စတင်ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ စက်တပ်လေထီးနဲ့ ဗုံးကြဲနေတာကြောင့် ထိခိုက်သေဆုံးတာတွေရှိပြီး ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ဝဲကြီး၊ ဝဲကွဲရွာကို ဗုံးကြဲခဲ့တာကြောင့် ဝဲကြီးကျေးရွာသား ၃ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံအမျိုးသမီးတယောက်က “ဒီရက်ထဲ အိပ်မရတဲ့ညတွေ များနေပြီ။ စစ်ကောင်စီတပ်က စက်တပ်လေထီးတွေ ဝဲနေလို့။ သူတို့က ရွာတွေအပေါ်မှာ ဝဲနေတာ။ ဒီရက်ထဲ ပိုပြီးစိတ်လာတယ်။ မနေ့ညကတော့ ဝဲကြီးကျေးရွာကို ဗုံးကြဲလို့ ၃ ယောက် သေဆုံးခဲ့ရတယ်” လို့ DVB ကို ပြောပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်က မုံရွာ ချောင်းဦးဒေသကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၇ ယောက် သေဆုံးခဲ့ပြီး အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲကိုလည်း ဖေဖော်ဝါရီ ၁၂ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတယောက် ဒဏ်ရာရရှိကာ လူနေအိမ်တချို့လည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
နွားထိုးကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူ့အခွင့်အရေးတာဝန်ခံက “ပဲချက်ရွာက လေကြောင်းကနေ တိုက်ခိုက်သွားတာပါဗျ။ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသလို MI 35 ပေါ်ကနေလည်း စက်လတ်တွေနဲ့ ပစ်သွားခဲ့တာပါ။ တံတားဦးလေဆိပ်က တက်လာတာလို့ သိရပါတယ်။ ပဲချက်ရွာ ဆိုတာက နွားထိုးကြီး-မြို့သာ ကားလမ်းဘေးမှာတင် ရှိတာပါ။ နွားထိုးကြီးရဲ့ အရှေ့မြောက်ဘက် ၁၀ မိုင်လောက်ပဲ ဝေးပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တောထဲမှာ နွားနဲ့ သိုးတွေ ကျောင်းနေတဲ့ ပြည်သူတယောက် မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့ပြီး လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၄၊ ၁၀ ရဲ့ တာဝန်ခံက “ပဲချက်ရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ သူတို့စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာ ရက်ပေါင်း ၃၀ အတွင်းမှာ ၂ ကြိမ်ရှိပါပြီ။ အခုတကြိမ်ကလည်း တိုက်ပွဲမရှိဘူးဗျ။ သူတို့ဘက်က သတင်းရတာ မှားတာရှိမှာပေါ့ဗျာ။ ဂျက်ဖိုက်တာနဲ့က ဗုံး ၂ လုံးချတယ်။ MI 35 နဲ့က ရော့ကတ် ၆ လုံးပစ်တဲ့အပြင်ကို စက်လတ်နဲ့လည်း ဆွဲသွားသေးတယ်။ ဒဏ်ရာရတဲ့သူက ဗုံးစထိတာပါ။ မစိုးရိမ်ရပါဘူး” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက် ညပိုင်းကလည်း Y12 အမျိုးအစား ဘက်စုံသုံးလေယာဉ်နဲ့ ဗုံးအလုံး ၂၀ နီးပါး ကြဲချခဲ့တာကြောင့် အမျိုးသားတယောက် သေဆုံးခဲ့သလို တယောက် ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၈ လုံးလည်း မီးလောင်ပျက်စီးခဲ့ကာ ခိုင်းနွားအကောင် ၂၀ နီးပါး သေဆုံးခဲ့သေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။
မကွေးတိုင်း၊ စလင်းမြို့နယ်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စလင်း-ပကဖ) အထိုင်ရုံးနဲ့ ခဲယမ်း ဂိုထောင်တွေကို ဖေဖော်ဝါရီ ၁၀ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
စလင်း ပကဖရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဆန်းက “စလင်းမြို့နယ်ထဲက ကျနော်တို့အဖွဲ့ နောက်တန်းအထိုင်ရုံးနဲ့ ခဲယမ်းဂိုထောင်တွေ ဗုံးကြဲခံလိုက်ရတာပါ။ ကျနော်တို့ရဲ့ စလင်း ပကဖရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကလည်း အပိတ်ခံထားရတော့ သတင်းထုတ်ပြန်ပေးဖို့ နောက်ကျနေခဲ့ရတာပါ” လို့ ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် စလင်း ပကဖ အထိုင်ရုံးနဲ့ ခဲယမ်းဂိုထောင်တို့ ပျက်စီးခဲ့ရပြီး တပ်ဖွဲ့ဝင်ရဲဘော်တယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စလင်း ပကဖ တာဝန်ခံ အမ်ဖိုးက “ပေါင် ၂၅၀ ဗုံး ၂ လုံး အကြဲခံလိုက်ရတာပါ။ ရုံးပေါ်ကို တည့်တည့်ကြဲတာပါ။ ဒဏ်ရာရတဲ့သူက ရုံးပိုင်းဆိုင်ရာ အလုပ်တွေအတွက် တာဝန်ကျနေသူပါ။ သူ့ဒဏ်ရာက လက်ကိုထိတာ မစိုးရိမ်ရပါဘူး။ ရုံးအသုံးအဆောင်ပစ္စည်းတွေအပြင် စုဆောင်းထားတဲ့ ရိက္ခာတွေလည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ကာလတန်ဖိုးအနေနဲ့ကတော့ သိန်း ၅၀၀ ကျော်ဖိုးလောက် ရှိပါတယ်” လို့ DVB ကို ပြောပါတယ်။
အခုလို ဗုံးကြဲတိုက်ခိုက်ခံရတာဟာ ရုံးတည်နေရာ ပေါက်ကြားတဲ့အတွက် ဖြစ်နိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
စလင်း ပကဖဟာ ရုံးနဲ့ ခဲယမ်းဂိုထောင်တွေ ဗုံးကြဲခံခဲ့ရပေမဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စလင်း ပကဖရဲ့ စိုးမိုးနယ်မြေတွေက ခရီးသွားပြည်သူတွေကို ပဲပြုတ်နဲ့ နံပြားတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။