Home
မြန်မာသတင်း
ကျိန္တလီမြို့ကို စစ်ကောင်စီတပ်က ဆက်တိုက်ဗုံးကြဲ၊ အရပ်သားအချို့ ထိခိုက်သေဆုံး
DVB
·
February 14, 2025

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကောင်စီက ကျိန္တလီမြို့ကို ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းမှာ တကြိမ်နဲ့ ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ်ပိုင်းမှာ တကြိမ် လာရောက်ဗုံးကြဲခဲ့ပြီး သားမိ ၂ ယောက် သေဆုံးကာ နောက်ထပ် အရပ်သား ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ကျိန္တလီမြို့ခံတယောက်က “ ၁၂ ရက်နေ့က အမှတ် ၂ ရပ်ကွက်ကို ညနေပိုင်း ၄ နာရီလောက်မှာ ဂျက်ဖိုက်တာတစီးနဲ့ လာကြဲခဲ့တာဖြစ်ပြီး အဲနေ့ကတော့ အသေအပျောက်မရှိဘူး။ အမျိုးသားတဦးပဲ ထိခိုက်သွားတာ။ ၁၃ ရက်နေ့ မွန်းတည့် ၁၁ နာရီကျော်မှာ အမှတ် ၁ ရပ်ကွက်ကို ထပ်ပြီးတော့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၃ နှစ်သားအရွယ် ကလေးတဦးနဲ့ သူရဲ့မိခင်က နေရာမှာတင် သေသွားကြတယ်။ နောက်ထပ် ၄ ဦးလည်း ဒဏ်ရာအပြင်းအထန် ရသွားကြတယ်။ လူတွေကတော့ အရမ်းကြောက်နေကြတာ”လို့ ပြောပါတယ်။

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေကတော့ မောင်ဖြူလေး (၃ နှစ်) နဲ့ မိခင်ဖြစ်သူဒေါ်လှအေး (၄၀ နှစ်) တို့ဖြစ်ပြီး ဒဏ်ရာရသူတွေမှာ ဦးတင်သိန်း (၆၃ နှစ်)၊ ဦးမြင့်နိုင် (၃၇ နှစ်)၊ ဦးလှတင် (၃၅ နှစ်)၊ ဒေါ်ညွန့်ညွန့်စန်း (၄၅ နှစ်)နဲ့ ကိုချစ်ကြီး (၄၁ နှစ်) တို့ ဖြစ်ကြပါတယ်။

ကျိန္တလီမြို့ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၈ ရက်ကလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အရပ်သားတယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက ကျိန္တလီမြို့ကို ၆ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် မြို့ခံတချို့ဟာ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရတယ်လို့ နောက်ထပ်မြို့ခံတယောက်က ပြောပါတယ်။

“၆ ရက်အတွင်း မြို့ကို ၃ ကြိမ် ဗုံးကြဲမှတော့ လူတွေက တော်တော်‌လေးကို ကြောက်နေကြတယ်။ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးမှုနဲ့ ဒဏ်ရာရသူတွေလည်း များကြတယ်။ မြို့ခံတွေကတော့ လေကြာင်းရန်စိုးရိမ်ပြီးတော့ တိမ်းရှောင်နေကြပြီ။ စစ်ကောင်စီက အရပ်သားတွေ ပစ်မှတ်ထားပြီး တိုက်ခိုက်နေမှုတွေကို နိုင်ငံတကာက ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်စေချင်တယ်။”

ကျိန္တလီမြို့ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ် သြဂုတ်လကတည်းက သိမ်းပိုက်ထားတာဖြစ်ပြီး ဂွမြို့နယ်ကို ဒီဇင်ဘာလမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက သူတို့လက်လွှတ်ခဲ့ရတဲ့ မြို့နယ် ၁၄ ခုကို လတိုင်းလိုလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုလည်း မြင့်တက်နေဆဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013