
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တောင်ခြမ်းက ကျေးရွာတွေကို ဖေဖော်ဝါရီ ၁၅ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မအူကျေးရွာ၊ ဆူးလေကုန်းရွာ၊ ကျွန်းကြီးရွာ၊ ညောင်ဖြူပင်ရွာ စတဲ့ကျေးရွာတွေကို မုံရွာမြို့နမခစစ်တပ်ကနေလာတဲ့ စက်တပ်လေထီး ၂ စင်းနဲ့ လာရောက် ဗုံးကြဲသွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ကျနော်တို့မအူရွာကိုတော့ ရွာရဲ့ အရှေ့ပိုင်းကို ချသွားတာ။ အဲလိုချလို့ ခြံဝန်းထဲကျပြီး ယောကျာ်းလေးတဦး၊ မိန်ကလေးတဦး ဒဏ်ရာရရှိတယ်ဗျ။ ယောက်ျားလေးကတော့ လက်ပြတ်ဒဏ်ရာရတယ်။ မိန်းကလေးကတော့ အစမှန် ဒဏ်ရာရ၊ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။
မုံရွာ-မန္တလေးလမ်းနားက မအူရွာဟာ အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ရွာဖြစ်ပြီး ရွာနားမှာ စစ်တပ်က တပ်စွဲပြီး စစ်ဆေးရေးဂိတ်ဖွင့်ထားတာလည်း ရှိတယ်လို့သိရပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “မအူရွာဘက်ကနေ ဆူးလေကုန်းရွာ၊ ကျွန်းကြီးရွာတွေဘက်တွေကိုလည်း ဗုံးသီးချတယ်။ အဲရွာတွေဘက်က အထိအခိုက်ကတော့ မသိရသေးဘူးပေါ့။ အဲရွာတွေပြီးတော့ ညောင်ဖြူပင်ရွာရဲ့အနောက်ဘက်ကိုလာပြီး ဗုံးသီလာချတယ်။ ဘာလို့ဒီလိုလာချလဲဆိုတော့အကိုရာ၊ သူတို့လုပ်ချင်တိုင်းလုပ်နေတာပဲဗျ။ အရင်နေ့က လေယာဉ်နဲ့ တညလုံးဗုံးကြဲပြီး အခုလို လာလုပ်နေတာပဲ။ သူတို့ဘက်က သတင်းအမှားရပြီး ကြောက်လန့်ပြီး ပစ်နေတာဗျ။ မနေ့ကလည်း လာပစ်တာတွေရှိတယ်။ ဘုဘရွာကိုလည်းမီးရှို့တယ်ဗျ။ မြေပြင်ကတော့ အတော်လေး ရှုပ်ထွေးနေတယ်။ ပြည်သူတွေအနေနဲ့လည်း အတော်လေး ခက်ခဲမှုတွေနဲ့ ကြုံတွေ့နေကြရပါတယ်” လို့ ပြောပါတယ်။
မုံရွာနယ်နဲ့-ချောင်းဦးနယ်စပ်က ကျေးရွာ ၈ ရွာကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညပိုင်းနဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မနက်ခင်းပိုင်းမှာ ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်တာကြောင့် ကလေး ၃ ယောက်အပါအဝင် ပြည်သူ ၁၁ ယောက် သေဆုံးခဲ့ရပါတယ်။