Home
မြန်မာသတင်း
မုံရွာနှင့် ချောင်းဦးရှိ ရွာ ၈ ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၁၁ ဦး သေဆုံး
DVB
·
February 14, 2025

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးနယ်စပ်က ကျေးရွာ ၈ ရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၂ ရက်နဲ့ ၁၃ ရက် ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်တာကြောင့် ကလေး ၃ ယောက် အပါအဝင် ပြည်သူ ၁၁ ယောက် သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီက Y12၊ စက်တပ်လေထီးတွေကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ကလေး ၃ ယောက် အပါအဝင် ပြည်သူ ၁၁ ယောက် သေဆုံးခဲ့ကာ ၁၅ ယောက်ထက်မနည်း ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မုံရွာဒေသခံတွေက အတည်ပြုပါတယ်။

မုံရွာဒေါင်းနီက “သေတာ ၁၁ ယောက်ပေါ့၊ ကျနော့်လက်ပေါ်တင် ဆုံးသွားတာက ၂ ယောက်ပေါ့၊ ဒဏ်ရာရတာ အကုန်လုံး စုစုပေါင်း ၂၀ ကျော်ပေါ့၊ ၃၀ နီးနီးလောက်ရှိမယ်၊ သေတာရော ဘာရောဆိုရင် ၃၀ ကျော်သွားမယ်၊ ဒါ မသိသေးတာတွေ ပါဦးမှာပေါ့။ သူတို့ထင်တာတော့ စခန်းသိမ်းလိမ့်မယ် ပြုလိမ့်မယ်ဆိုတဲ့ သတင်းမှားရပြီးတော့ လိုက်ကြဲတဲ့ အနေအထားမျိုးမှာလည်း ရှိတာပေါ့။ အခုဆိုလို့ရှိရင်လည်း ဘူးဘမှာ မီးရှို့နေတယ်၊ ညောင်ဖြူပင်စခန်းက အခု သူတို့ လယ်တော်ဘက်ကို ရုန်းနေတယ်။”

လေကြောင်းတိုက်ခိုက်မှုတွေမဖြစ်ခင် မုံရွာနယ်မှာ တိုက်ပွဲတွေရှိခဲ့ပြီး PDF တွေက စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့ရှိတယ်ဆိုတဲ့ သတင်းအမှားကြောင့် စစ်ကောင်စီက သူတို့ဘက် လှည့်မလာအောင် ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့ မုံရွာဒေသခံတွေက ပြောပါတယ်။

မုံရွာဒေါင်းနီက “ကြဲခံရတဲ့ ရွာတွေကတော့ စုစုပေါင်းဆိုလို့ရှိရင် မုံရွာနယ်မှာ သစ်ဆိတ်၊ ညောင်ဖြူပင်၊ ကျွန်းကြီး၊ ဘူးဘ တရက်တည်း တညတည်းမှာပဲ ကြဲခံရတာပေါ့နော်။ ချောင်းဦးနယ်မှာဆိုရင် ထန်းတောကြီး၊ ဆူးလေကုန်း၊ ကုလားကြီးရွာ၊ ရှမ်းဒူး၊ ချောင်းဦးဘက်မှာဆိုရင် အလှူမှာကြဲသွားတာပါ။ Y12 နဲ့ ကြဲတဲ့ညက ဝဲကြီးမှာ နွားလည်းသေတယ်၊ အိမ်တွေလည်း ပျက်စီးတာပေါ့။ လူကတော့ ဒဏ်ရာရတာ ၃ ယောက်ရှိတယ်။ ပြည်သူတွေပဲ ထိခိုက်တာနော်။ အဖွဲ့အစည်း၊ PDF ဘယ်သူမှ မထိခိုက်ပါဘူး။ ပြည်သူတွေချည်းပဲဖြစ်သွားတာ၊ ဒါ ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ ကျနော်က မြင်တယ်နော်”လို့ ပြောပါတယ်။

လက်နက်ကိုင်တော်လှန်ရေး အစောပိုင်းကတည်းက မုံရွာမြို့က အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ကာဖို့အတွက် စစ်ကောင်စီက မုံရွာနဲ့ ချောင်းဦးက PDF လူငယ်တွေကို အင်အားသုံး ရှင်းလင်းဖို့ ကြိုးစားခဲ့တာပါ။

နေ့စဉ် လေယာဉ်တွေ ဝဲနေတာကြောင့် ဘယ်အချိန် တိုက်ခိုက်မှု လုပ်လာမယ်ဆိုတာ ခန့်မှန်းရခက်ခဲ့တယ်လို့ ချောင်းဦးနယ်ခံ အမျိုးသမီးတယောက်က ပြောပါတယ်။

“ညောင်ညိုပင်က အထိခိုက်များတယ်၊ ရှမ်းဒူးဘက်က အထိခိုက်များတယ်။ ဘယ်နှနာရီမှန်းကို မသိတော့ဘူး။ အိပ်ရာကနေ ထပြေးရတာ၊ နာရီကိုမကြည့်နိုင်ဘူး။ ကြဲတာတွေက ဒဏ်မှမခံနိုင်တာ၊ ချောင်းဦးနဲ့ မြင်းမူကြားမှာ ဝဲနေပြီ၊ လေယာဉ်ဆိုတော့ သိပ်မပတ်တော့ဘူး။ ဒီဘက်ကို တန်းချတာ၊ အရင်ဆုံး ညောင်ဖြူပင်ချတဲ့အချက်က ၇ လုံးလောက် အရင်ဆုံးကြဲလိုက်တာ၊ နောက်ထပ်က မရေနိုင်တော့ဘူးလေ။ ကိုယ့်အသက်ကိုပဲ လုပြီး ပြေးရတာလေ၊ နီးနီးလေးကို တို့နဲ့က။ ညောင်ဖြူပင်က မုံရွာနယ်၊ အရီးတို့ဆီက ချောင်းဦးနယ်၊ ဒါပေမဲ့ မုံရွာနယ်နဲ့ ချောင်းဦးနယ်နဲ့ နီးနီးလေးရယ်။ ရှမ်းဒူးကလည်း နာတယ်တော့၊ ၂ ယောက်လောက်က မသေချာဘူးတော့။ အများကြီးပဲ နစ်နာတာ ပြည်သူတွေ။”

၂ ရက်အတွင်းမှာ စစ်ကောင်စီက ဗုံးအလုံး ၄၀ ထက်မနည်း ကြဲချခဲ့တာဖြစ်ပြီး နယ်မြေထိန်းချုပ်ရေးနဲ့ ရှင်းလင်းရေးတခုတည်းကိုသာ ဦးတည်ချက်ထားခဲ့တာ ဖြစ်ပါတယ်။

မုံရွာ-ချောင်းဦးနယ်စပ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ဆက်လုပ်လာနိုင်တာကြောင့် စစ်ရေးအခြေအနေနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေရဲ့ တည်နေရာ၊ အရေအတွက်ကို ဒေသတွင်း PDF တွေက ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ထားပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013