Home
မြန်မာသတင်း
ဗန်းမော်နှင့်ဖားကန့်ကို စစ်ကောင်စီလေကြောင်းကတိုက်ခိုက်သဖြင့် ၂ ဦးသေဆုံး
DVB
·
February 15, 2025

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ထဲက ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ထိန်းချုပ်ထားတဲ့ စင်းခန်းကျေးရွာနဲ့ ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ရွာကို စစ်ကောင်စီက လေကြောင်း၊ ဒရုန်းတို့နဲ့ တိုက်ခိုက်ခဲ့လို့ ပြည်သူ ၂ ယောက်သေဆုံးခဲ့ပါတယ်။

ဖားကန့်မြို့၊ ဆန်းကြွယ်ကျေးရွာဘက်ကို ဖေဖော်ဝါရီ ၁၅ ရက် ဒီမနက် ၁၁ နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီရဲ့ ဖားကန့်တပ်မကုန်းက ဒရုန်းနဲ့ ဗုံး ၃ လုံး လာကြဲသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ အောက်တိုဘာ ၈ ရက်က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ဖားကန့်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေ မရှိသလောက် ငြိမ်သက်နေခဲ့တာပါ။

ဒေသခံတယောက်က “ဆိုင်းတောင်တိုက်ပွဲဖြစ်ပြီးကတည်းက စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားမှု မရှိသလောက် ဖြစ်သွားတာ။ အခု သူတို့ပြန်ပြီး စစ်ရေးလှုပ်ရှားမှုတွေ ရှိလာတယ်။ လက်နက်ကြီးနဲ့ ပစ်တာ၊ ဒရုန်းပစ်တာတွေ လုပ်လာတယ်။ ၁၃ ရက်နေ့ကလည်း တပ်မကုန်းက စစ်ကောင်စီတပ်တွေ တပ်မကုန်းနဲ့ မျက်နှာချင်းဆိုင် ညောင်ပင်ကုန်းနဲ့ ဆန်းကြွယ်ဘုရားကုန်းကြား ဒရုန်းနဲ့ ၂ ကြိမ် ဗုံးကြဲသွားခဲ့တယ်။ အဲ့ညမှာပဲ ယူမာဘက်ကို လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတာ။ ဘယ်ကို ကျလဲတော့ မသိဘူး။ သူတို့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်” လို့ ပြောပါတယ်။

ဗန်းမော်တိုက်ပွဲမှာ အထိနာနေတဲ့စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားမြို့အထက်ပိုင်းနဲ့ ဖားကန့်မြို့တို့မှာ ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုက်ပွဲမရှိတဲ့ ဒေသခံပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို အခုဖေဖော်ဝါရီလအတွင်း ဆက်တိုက်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် မနေ့ညနေကလည်း KIA ထိန်းချုပ်ထားတဲ့ ဗန်းမော်မြို့နယ်ထဲက စင်းခန်းကျေးရွာကို ဂျက်တိုက်လေယာဉ်နဲ့ ၃ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၄၀ ဝန်းကျင် အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “လေယာဉ်နဲ့ ၃ ကြိမ်လာပစ်သွားတယ်၊ အဲမှာ ၂ ယောက်က အသက်ဆုံးရှုံးသွားတယ်။ ထိတဲ့သူလည်း ၃ ယောက်လောက်ရှိတယ်။ အိမ်တွေရော လောင်ကုန်တယ်၊ ဗုံးကပြင်းတော့ အိမ်တွေပတ်ဝန်းကျင်တွေမှာရော အကုန်ပျက်စီးကုန်တယ်” လို့ပြောပါတယ်။

ဒဏ်ရာရခဲ့တဲ့ ၃ ယောက်ထဲမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတယောက်လည်းပါပြီး ဗန်းမော်မြို့သိမ်းတိုက်ပွဲစတင်ချိန်ကတည်းက စင်းခန်းကျေးရွာပတ်ဝန်းကျင်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဉ်တွေ မကြာခဏပျံသန်းလေ့ရှိသလို တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ဝေးတဲ့ စင်းခန်းကို ရုတ်တရက်လာရောက်တိုက်ခိုက်သွားတာလို့ ရွာခံအမျိုးသမီးတယောက်က ပြောပါတယ်။

“လေယာဉ်က ခဏခဏ ဖြတ်ပျံတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်ဘက်ကိုပဲသွားပြီး ပစ်တာများတယ်။ ဒီရွာနားမှာက ဘာတိုက်ပွဲမှမရှိဘူး။ အရင်လိုပဲ ဖြတ်ပျံသွားတာထင်နေတာ၊ မနေ့ကတော့ ရုတ်တရက်လာပစ်သွားတယ်” လို့ပြောပါတယ်။

စင်းခန်းကျေးရွာနားမှာ စင်းခန်း ဧရာဝတီမြစ်ကူးတံတားရှိပြီး စင်းခန်းရဲစခန်းနဲ့ စင်းခန်းတံတားမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော်က ၂၀၂၄ ခုနှစ် မေလ အတွင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ကချင်လွတ်မြောက်ရေးတပ်မတော်က ထိန်းချုပ်ထားတဲ့ ကျေးရွာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013