Home
မြန်မာသတင်း
ဗန်းမော် စစ်ရှောင်ကလေးငယ်များ ကျောင်းဆက်တက်ရန် ခက်ခဲနေ
DVB
·
February 8, 2025

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကနေ တိုက်ပွဲရှောင်လာကြတဲ့ စစ်ရှောင်မိသားစုတွေရဲ့ ကျောင်းနေအရွယ်ကလေးငယ်တွေဟာ တခြားမြို့တွေမှာရှိတဲ့ စာသင်ကျောင်းတွေမှာ တက်ရောက်ပညာသင်ယူနိုင်ဖို့အတွက် အခက်အခဲဖြစ်နေကြတယ်လို့ ကလေးမိဘတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်ကစလိုက်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

စစ်ကောင်စီတပ်နဲ့ KIA တပ်တွေတိုက်ပွဲအပြန်အလှန် ပြင်းထန်တာကြောင့် ဒေသခံတွေ နီးစပ်ရာ ကျေးရွာတွေနဲ့ အများစုကတော့ ဆွေမျိုးတွေရှိရာ မြို့တွေဆီကို တိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလိုတိမ်းရှောင်နေတဲ့မြို့တွေမှာ ကျောင်းနေအရွယ်ကလေးတွေ ကျောင်းတက်နိုင်ရေးအတွက် စာရွက်စာတမ်းလိုအပ်ချက်တွေ ရှိနေတာကြောင့် ကျောင်းတက်နိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ဆွေမျိုးတွေဆီ တိမ်းရှောင်လာသူတဲ့ ကျောင်းသား မိဘ တယောက်က ပြောပါတယ်။

“ပထမတုန်းကတော့ နီးစပ်ရာကျောင်းတွေနဲ့ ကျောင်းအုပ်ကြီးတွေနဲ့ သွားတွေ့တော့ ပညာရေးမှူး ထောက်ခံချက်ပါရင် ရမယ်ပေါ့နော် အဲလို ပူးတွဲ ၂ ထုတ်ခဲ့လိုက်ပေါ့။ မြို့နယ်ပညာရေးမှူးဆီသွားတော့ မရဘူးတဲ့။ ဗန်းမော်က မြို့နယ်ပညာရေးမှူးဖြစ်ဖြစ် ကျောင်းအုပ်တဦးဦးရဲ့ ထောက်ခံချက်ပါမှ ရမယ်တဲ့။ အဲ့တာတွေ ရအောင်ရှာပေးပါဆိုတော့ ညီမတို့လည်း လိုက်မေးရတာပေါ့။”

ကျောင်းတွေက တောင်းခံတဲ့ ပူးတွဲ  ၂ ဟာ မြို့နယ်ပညာရေးမှူးထောက်ခံစာဖြစ်ပြီး အဲဒီထောက်ခံစာထဲမှာ ပညာသင်ကြားတဲ့အခြေအနေ၊ နောက်ဆုံးအောင်မြင်ခဲ့တဲ့ အတန်း၊ ပညာသင်နှစ်နဲ့ ကျောင်းခေါ်ကြိမ်တို့ ပါရှိပါတယ်။ အဲဒီထောက်ခံစာကို ပညာသင်ကြားခဲ့တဲ့ ကျောင်းက ကျောင်းအုပ်ကနေတဆင့်လည်း တောင်းခံနိုင်တယ်လို့ သိရပါတယ်။

ဗန်းမော်မြို့တွင်း တိုက်ပွဲပြင်းထန်လာချိန်မှာတော့ ဒေသခံပြည်သူတွေအားလုံး ဘေးလွတ်ရာကို တိမ်းရှောင်ကြချိန်မှာ ကချင်ပြည်နယ်တွင်း ဖုန်းလိုင်း အင်တာနက်လိုင်း ဖြတ်တောက် ထားတဲ့အခြေအနေကြောင့်လည်း တယောက်နဲ့တယောက် အဆက်အသွယ်ရဖို့ ခက်ခဲခဲ့ပြီး ဘယ်သူက ဘယ်ကို တိမ်းရှောင်သွားတယ်ဆိုတာလည်း စုံစမ်းရခက်ခဲတာတွေလည်း ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ အခြေခံပညာကျောင်းသားတချို့ ပူးတွဲ ၂ ထောက်ခံစာကို မတင်ပြနိုင်ဘူးဆိုရင် ကျောင်းတနှစ် နားရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

“အထက သမားတွေ ၁၀ တန်း ၉ တန်းတွေကျတော့ ကျောင်းအုပ်ကြီးတွေက လွယ်လင့်တကူ မန္တလေးတို့ ရန်ကုန်တို့မှာရှိတော့ သူတို့ထောက်ခံပေးတော့ အဲ့ကလေးတွေက တက်လို့ရတယ်။ မူလတန်းတွေ အလယ်တန်းတွေ ဝေးတဲ့မူလတန်းလွန်ကျောင်းတွေ အဲ့ကျောင်းတွေကျတော့ ကျောင်းအုပ်ကြီးတွေကဘယ်မှာနေလို့ နေမှန်းမသိဘူး ဆက်သွယ်လို့လည်း မရဘူးဖြစ်နေကြတာ။ တချို့ကျောင်းတွေကျတော့ စာမေးပွဲနီးလို့ လက်သင့်မခံချင်တော့တာပေါ့။ စာမေးပွဲစာရင်းတွေ ပေးပို့ပြီးပြီမို့ လက်သင့်ခံလို့မရတော့တာပေါ့။ သူတို့လက်သင့်ခံလိုက်ရင်လည်း ကလေးက ၆ တန်းပြောပြီးတော့ ၆ တန်းအရည်အချင်းအနဲ့ မပြည့်မှီမှာစိုးလို့ အဲ့တာကြောင့်မို့လို့ ကလေးကို လက်သင့်ခံပေးလို့ မရဘူး။ ပူးတွဲ ၂ ပါရင်တော့ လက်သင့်ခံပေးမယ်ပေါ့။ အဲလိုမျိုးမှ မဟုတ်ဘူးဆိုရင် နောက်နှစ်ကျမှထား။ ကလေးကို အရည်အချင်းစစ်စာမေးပွဲ ဖြေခိုင်းလို့ အောင်တယ်ဆိုမှ နောက်နှစ်ကျမှ ကျောင်းဝင်ခွင့်လာထား အဲလိုမျိုးပြောတယ်။ ကလေးတွေကို တနှစ် မအောက်စေချင်လို့ လိုက်လုပ်နေရတာပေါ့။”

တိုက်ပွဲပြင်းထန်လာချိန် ပြီးခဲ့တဲ့ ဒီဇင်ဘာလပိုင်းကတည်းက တိမ်းရှောင်ကြပေမဲ့ ငွေကြေးအခက်အခဲ၊ လမ်းခရီးအခက်အခဲတွေကြောင့် ကလေးတွေ ပညာသင်ကြားနိုင်မယ့် မြို့နေရာတွေအထိရောက်ဖို့ အချိန် တလကျော်ကြာမြင့်သွားတာကြောင့် ကျောင်းအပ်နောက်ကျ ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက စစ်ရှောင်ကျောင်းနေအရွယ်ကလေးတွေ အခြေခံပညာသင်ကျောင်းတွေမှာ သင်ကြားနိုင်ဖို့ ညွှန်ကြားထားတယ်ဆိုပေမဲ့ လက်တွေ့မှာတော့ ကျောင်းသားတချို့ ကျောင်းဝင်ခွင့်ရဖို့ အခက်အခဲဖြစ်နေကြတာပါ။

အခြေခံပညာသင်ကျောင်းတွေရဲ့ အတန်းတင်စာမေးပွဲကို လာမယ့် မတ်လ ၃ ရက်ကစပြီး တနိုင်ငံလုံး ကျင်းပသွားဖို့ ရှိနေပါတယ်။ 

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013