Home
ရုပ်သံ
ဗန်းမော်ရှိ တပ်စခန်းအချို့ အသိမ်းခံရပြီးနောက် လိုင်ဆင်ဘက်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
DVB
·
January 27, 2025

ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတချို့ အသိမ်းခံရပြီးနောက် ဇန်နဝါရီ ၂၆ ရက်ညမှာ လိုင်ဇာအနီးက လိုင်ဆင်ဘက်ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မုံးဆိုင်ယန် နဲ့ လိုင်ဆင်ဘက် ဇန်နဝါရီ ၂၆ ရက်နေ့ည မိုးချုပ်ပြီးနောက် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံး တရစပ် လာကြဲတယ်” လို့ ကေအိုင်အေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဗန်းမော်ဘက်မှာ တပ်စခန်းတွေကို လက်လွှတ်ဆုံးရှုံးလာနေတဲ့ စစ်ကောင်စီက KIO/KIA ဌာနချုပ်ဟာင်းရှိရာ လိုင်ဆင်ဘက်ကို လေကြောင်းနဲ့ ၃ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း လိုင်စင်အနီးနေ စစ်ရှောင်ပြည်သူတယောက်က ပြောပါတယ်။

"ကျနော်တို့ဘက်က အိမ်တောင် တုန်ခါသွားတယ်။ တရုတ်ဘက် တဗုံးဗုံး နဲ့ နှစ်သစ်ကူး ဗြောက်ဖောက်တယ်ထင်နေတာ။ ပြီးမှ ဒီမြန်မာဘက်ခြမ်း ဝုန်း၊ ဝုန်း နဲ့ ကြဲပြီး ကျနော်တို့ အပေါ်ကနေ ပျံပြီး ဆင်းသွားတယ်။” 

KIA နဲ့ နီးစပ်သူတယောက်က “ဇန်နဝါရီလ ၂၆ ရက်နေ့က ဗန်းမော် လေယာဉ်ကွင်း တချို့နေရာ သိမ်းပြီး ဆီပန့်လည်း ဖောက်ခွဲပေးလိုက်တယ်။ အဲဒါကြောင့် ရှုံးမဲမဲပြီး လိုင်ဇာ လိုင်ဆင်ဘက် လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ ထိခိုက်သေဆုံးမှု ရှိမရှိတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၄ ရက်နေ့ မနက် ၇ နာရီ ဝန်းကျင်လောက်က ဒဏ်ရာရရှိထားတဲ့ တပ်ရင်းမှူး တယောက်ကိုလည်း ဖမ်းမိထားတာရှိပြီး ဗန်းမော်ဘက် အရေးနိမ့်လာတဲ့ စစ်ကောင်စီက အဲဒီနေ့မွန်းလွဲပိုင်းမှာ လိုင်ဇာအနီး နဲ့ လိုင်ဇာမြို့ရှိ မြစ်ကြီးနား ဟိုတယ်ကို အသေခံ ဒရုန်းဗုံး ကြဲခဲ့တယ်လို့ သူက ပြောပါတယ်။

သံချပ်ကာစစ်ဆင်ရေးဌာနချုပ် (သစခ) ၇၂ ကွပ်ကဲမှုအောက်က အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်း၊ ဗန်းမော်ကို ဇန်နဝါရီ ၂၅ ရက်နေ့ ညနေ ၄ နာရီခန့်က အပြီးသတ် သိမ်းပိုက်ခဲ့ပြီး သံချပ်ကာကား စုစုပေါင်း ၇ စီး သိမ်းပိုက် ရရှိထားကြောင်း၊ ဇန်နဝါရီ ၂၄ ရက်နေ့ မှာ အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်းရှိ သံချပ်ကာ ၄ စီးကို အရင်သိမ်းပိုက်ရရှိခဲ့ပြီး (၀န်တင်တပ်ရင်း /လားတပ်) ထောက်ပို့တပ်ရင်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း KIA နဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီ ဂရမ်ချန်နယ်မှာတော့ ဗန်းမော် တိုက်ပွဲမှာ အမတ - ၃၆၆ နဲ့ ၇၀၀၆ - သံချက်ကာတပ်ရင်း သိမ်းပိုက်ခံရပြီး သံချပ်ကာတင့်ကား ၉ စီး သိမ်းဆည်းခံခဲ့ရကြောင်း ဖော်ပြထားပါတယ်။

ဗန်းမော်မြို့ရှိ စစ်ကောင်စီ တပ်စခန်းတွေကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကစ ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024