Home
မြန်မာသတင်း
ရခိုင်ရိုးမ မိုးထိတောင် စစ်တပ်စခန်းကို AA သိမ်းပိုက်
DVB
·
January 28, 2025

ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်မှာရှိတဲ့ ရခိုင်ရိုးမတောင်တန်းအပေါ်က စစ်ကောင်စီရဲ့ တပ်စခန်းတခုဖြစ်တဲ့ မိုးထိတောင်စခန်းကို အာရက္ခတပ်တော် (AA) က ဇန်နဝါရီ ၂၆ ရက်မှာ အပြီးသတ် သိမ်းပိုက်လိုက်ပါတယ်။

အဲဒီစခန်းကို ဇန်နဝါရီ ၂၁ ရက်ကတည်းက စတင်ထိုးစစ်ဆင်နေတာဖြစ်ပြီး ၅ ရက်အကြာမှာ သိမ်းပိုက်လိုက်တာဖြစ်ကြောင်း ဇန်နဝါရီ ၂၇ ရက်မှာ (AA) က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ်မှာရှိတဲ့ AA သိမ်းပိုက်ထားတဲ့ ပွိုင့် ၂၆၃ စခန်းကို စစ်ကောင်စီဘက်က ဇန်နဝါရီ ၂၇ ရက်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး လက်ရှိတိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီ ပွိုင့် ၂၆၃ စခန်းကိုတော့ AA က ဇန်နဝါရီ ၂၆ ရက်မှာ အပြီးသတ် သိမ်းပိုက်ထားတာဖြစ်ပြီး ဇန်နဝါရီ ၂၁ ရက်မှာလည်း ပွိင့် ၃၆၉ စခန်းကို သိမ်းပိုက်ရရှိထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခုရက်သတ္တပတ်ထဲမှာပဲ AA သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်း ၃ ခုအထိ ထပ်တိုးလာတာပဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲက အမ်း-ပဒါန်း ကားလမ်းမပေါ်မှာလည်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ပြန်ဆုတ်ခွာသွားတာကြောင့် ရန်သူ့အလောင်းနဲ့ လက်နက်ခဲယမ်းတချို့ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးမှာ နှစ်ဖက် အပြန်အလှန် တိုက်ပွဲတွေရှိနေပြီး စနိုက်ပါတိုက်ခိုက်မှုတွေနဲ့ ဒရုန်းပစ်ခတ်မှုတွေ နေ့စဉ်လိုလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013