Home
မြန်မာသတင်း
ဗန်းမော်လေဆိပ်နှင့် သံချပ်ကာတပ်ရင်းကို KIA သိမ်းပိုက်
DVB
·
January 26, 2025
KIA

ကချင်ပြည်နယ် ဗန်းမော်မြို့ လေဆိပ်နဲ့ သံချပ်ကာတပ်ရင်းကို KIA ပူးပေါင်းတပ်က ဒီနေ့ညနေမှာ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။

ဇန်နဝါရီ ၂၄ မနက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ တကျော့ပြန်စစ်ရှိန်မြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၃ ရက်အတွင်း သံချပ်ကာတပ်ရင်းနဲ့ ဒီနေ့ညနေပိုင်းမှာ ဗန်းမော်လေယာဥ်ကွင်းကို အပြီးသတ်သိမ်းပိုက်ရရှိလိုက်တာလို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“လေယာဉ်ကွင်းက အစက ရှေ့ကကာကင်းတွေ၊ လေဆိပ်နား အထိုင်ချထားတဲ့ စခန်းတွေကို သိမ်းလိုက်တာ။ အခုတော့ လေယာဉ်ကွင်းတခုလုံး အပြီးသတ်သိမ်းလိုက်တာ။ သံချပ်ကာတပ်ရင်းမှာတော့ သံချပ်ကာကား ၇ စီး သိမ်းနိုင်လိုက်တယ်။”

KIO ပြန်ကြားရေးနဲ့သတင်းဌာနကလည်း စစ်ကောင်စီရဲ့ သံချပ်ကာတပ်ရင်းကို ဇန်နဝါရီ  ၂၅ ရက် ညနေပိုင်းမှာ အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး၊ သံချပ်ကာကား ၇ စီး သိမ်းဆည်းနိုင်ခဲ့တယ်လို့ သတင်းဖော်ပြထားပါတယ်။

ဗန်းမော်လေဆိပ်နဲ့ သံချပ်ကာတပ်ရင်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။ 

စစ်ကောင်စီဘက်ကတော့ လေကြောင်းကနေပါ အပြင်းအထန်ခုခံနေပြီး တိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်ဖွဲ့ဝင်ဘက်ကလည်း အကျအဆုံးများခဲ့တယ်လို့ သိရပါတယ်။ 

စ.က.ခ ၂၁ ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာလည်း စစ်ကောင်စီက လေယာဉ်နဲ့ အကြိမ် ၃၀ လောက် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗန်းမော်မြို့အနီးဝန်းကျင်မှာ ရှောင်တိမ်းနေသူတယောက်က ပြောပါတယ်။

“အရင်ရက်တွေကတည်းက လေယာဉ်လာပစ်တယ်။ နေ့တိုင်းပဲ။ ဒီနေ့ကတော့ တောက်လျှောက်ပဲ အခေါက် ၃၀ ကျော်လောက်ရှိမယ်။ သံချပ်ကာတပ်ရင်း ကျသွားပြီဆိုပြီး မနေ့ညကတည်းက သတင်းတွေ တက်လာတာကိုး။ အဲဒီတော့ သူတို့က လေယာဉ်နဲ့လာပစ်ပြီလေ။ အခု ၉ နာရီလောက်‌တောင် လေယာဉ်သံတွေ ကြားနေရတုန်းပဲ။”

KIA ပူးပေါင်းတပ်က ပြီးခဲတဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့က စပြီး ဗန်းမော်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ရက်ပေါင်း ၅၀ ကျော်အတွင်း စစ်ကောင်စီရဲစခန်း၊ ထွေအုပ်ရုံး၊ ဌာနဆိုင်ရာရုံးတွေ၊ သံချပ်ကာတပ်ရင်းနဲ့ လေဆိပ်တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013