Home
မြန်မာသတင်း
ဝိုင်းမော်တွင် စစ်တပ်က ဗုံးကြဲသဖြင့် တရုတ်အမျိုးသားအပါအဝင် ၂ ဦးသေဆုံး
DVB
·
January 21, 2025
Injured patient

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်က တရုတ်တစ်ရှူးငှက်ပျောခြံမှာ ဇန်နဝါရီ ၂၀ ရက်မှာ စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် တရုတ်အမျိုးသားတယောက်နဲ့ ငှက်ပျောခြံလုပ်သားတယောက်တို့ အသက်ဆုံးရှုံးခဲ့တယ်လို့ ဝိုင်းမော်ဒေသခံတယောက်က ပြောပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် တစ်ရှူးငှက်ပျောခြံအတွင်းမှာ အသက်ဆုံးရှုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“ဒရုန်းနဲ့လာကြဲသွားလို့ အဲငှက်ပျောခြံက တရုတ်တယောက်ရယ်၊ အလုပ်သမားတယောက်ရယ် ဆုံးသွားတယ်လို့ ကြားတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်း ရှိတယ်။ အတိအကျတော့ မသိရသေးဘူး၊ အခုက ဖုန်းလိုင်းတွေလည်း မရှိတော့ အခြေအနေ အတိအကျ မသိရသေးဘူးဖြစ်နေတယ်။” 

ဒရုန်းဗုံးကြဲသွားတဲ့ တစ်သျှူးငှက်ပျောခြံ ပတ်ဝန်းကျင်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ မြေပြင်တိုက်ပွဲဖြစ်ပွားတာမရှိဘဲ KIA တပ်သားတွေရှိတယ်အထင်နဲ့ ဒရုန်းနဲ့ ဗုံးလာကြဲသွားတာ ဖြစ်နိုင်တယ်လို့ ဝိုင်းမော်ဒေသခံက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာ မရှိပေမဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေကလည်း ဝိုင်းမော် ခလရ (၅၈) တကြောမှာ စစ်ရေးလှုပ်ရှားတာတွေရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်ကလည်း မံစီမြို့နယ်ထဲက ခဖောက် စစ်ရှောင်စခန်းအဟောင်းကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013