DVB
အာရက္ခတပ်တော် AA ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေရှိရာကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်လို့ ကလေးတွေအပါအဝင် ၂၈ ယောက်သေဆုံးပြီး ၂၅ ယောက် ဒဏ်ရာရတယ်လို့ AA ရဲ့ သတင်းပြန်ကြားရေးဌာနက ဇန်နဝါရီ ၁၉ ရက် ဒီညနေမှာ ထုတ်ပြန်ပါတယ်။
မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်က စစ်သုံ့ပန်းမိသားစုဝင်တွေထားတဲ့နေရာကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့ ညနေ ၅ နာရီလောက်မှာ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် ၂၈ ယောက် သေဆုံးခဲ့တာပါ။
ဒဏ်ရာရသူ ၂၅ ယောက်ရှိပြီး တချို့ဟာ အရေးပေါ်ဆေးကုသခံနေသလို အဲဒီအထဲက ပြင်းထန်သူတချို့ကတော့ သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၂ နှစ်၊ ၈ နှစ်နဲ့ ၁၁ နှစ် ၁၂ နှစ်အရွယ်ကလေးတွေ၊ အသက် ၆၀ ကျော်အရွယ်တွေပါနေတာကို တွေ့ရပါတယ်။
ပြီးတော့ အခု သေဆုံး၊ ဒဏ်ရာရသူတွေဟာ တိုက်ပွဲတွေအတွင်းမှာ AA က ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီရဲ့ တပ်မိသားစုဝင်တွေဖြစ်ပြီး မကြာခင်မှာ ပြန်လွှတ်ဖို့ စီစဉ်ထားတာလို့လည်း ဆိုပါတယ်။
၂၀၂၅ ခုနှစ် အစောပိုင်းကစလို ဒီလို့ အကြမ်းဖက်တိုက်တာတွေကို စစ်ကောင်စီက ပိုလုပ်လာတာကြောင့် လေကြောင်းရန်နဲ့ လေကြောင်းအန္တရာယ်ကို အရင်ထက်ပိုပြီး သတိထားကြဖို့နဲ့ အင်တာနက်၊ ဖုန်းသုံးစွဲရာမှာလည်း သတိထားသုံးစွဲကြဖို့ AA က တိုက်တွန်းထားပါတယ်။
Photo - AA