Home
မြန်မာသတင်း
AA သိမ်းပိုက်ထားသည့်မြို့များရှိ  Non CDM ဝန်ထမ်းများကို စစ်ကောင်စီ လစာမပေး 
DVB
·
January 18, 2025

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ မြို့တွေက စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းအားလုံးကို လစာမဲ့ခွင့်ပြုလုပ်ထားတယ်လို့ အဲဒီဝန်ထမ်းတွေဆီက သိရပါတယ်။

၂၀၂၄ ခုနှစ်ထဲမှာ အာရက္ခတပ်တော် (AA) အနေနဲ့ ရခိုင် မြို့ပေါင်း ၁၇ မြို့ရှိတဲ့အနက် ၁၄ မြို့အထိ သိမ်းပိုက်နိုင်ခဲ့ပြီး  အဲ့ဒီမြို့တွေက စစ်ကောင်စီယန္တရားတွေလည်း ရပ်ဆိုင်းခဲ့ရတာကြောင့် ရွှေ့ပြောင်းနိုင်တဲ့ Non CDM ဝန်ထမ်းတွေကတော့ တခြားမြို့တွေမှာ သွားရောက် တာဝန်ထမ်းဆောင်နိုင်ပါတယ်။

ဒါပေမဲ့ မရွှေ့ပြောင်းနိုင်ဘဲ AA သိမ်းပိုက်ထားတဲ့မြို့တွေမှာ ကျန်နေခဲ့တဲ့ Non CDM ဝန်ထမ်းတွေကိုတော့ စစ်ကောင်စီက လစာမပေးတော့ဘဲ လစာမဲ့ခွင့်အဖြစ်ပြုလုပ်ထားကာ ဝန်ထမ်းအဖြစ်ကတော့ မထုတ်ပယ်သေးဘူးလို့ အဆိုပါဝန်ထမ်းတွေက ပြောပါတယ်။

စစ်တွေမြို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အရာရှိတယောက်က “အမိန့်ထုတ်ထားတာက စစ်တွေမှာလာပြီး တာဝန်ထမ်းဆောင်နိုင်ရင် လစာရမယ်။ မလာနိုင်ရင်တော့ လစာမဲ့ခွင့်နဲ့ပဲနေရမယ်လို့ အမိန့်ထုတ်ထားတာ ဝန်ထမ်းအားလုံးပဲ” လို့ ပြောပါတယ်။

ဒီလို စစ်တွေမြို့မှာ တာဝန်ထမ်းဆောင်ဖို့အတွက် အမိန့်ထုတ်ထားပေမဲ့ ရခိုင်ပြည်နယ်အတွင်း မြို့နယ်တခုနဲ့တခု ကူးသန်းသွားလာဖို့ မလွယ်ကူတာကြောင့် စစ်တွေအထိသွားဖို့ မဖြစ်နိုင်ဘူးလို့ ဝန်ထမ်းတွေက ဆိုပါတယ်။

စစ်တွေမြို့မှမဟုတ်ဘဲ တခြားတိုင်းဒေသကြီးပြည်နယ်တွေမှာ သွားရောက်တာဝန် ထမ်းဆောင်နိုင်ဖို့ အပြောင်းအရွှေ့တင်ပေမဲ့ သက်ဆိုင်ရာဌာနတွေက ခွင့်မပြုကြဘူးလို့ သိရပါတယ်။

ကျောက်ဖြူမြို့နယ်မှ Non CDM ဆရာမတယောက်က “ကျမကတော့ ကျောက်ဖြူမှာ လေးငါးလလောက် လစာမရတော့ ပညာရေးမှူးကို အကြောင်းကြားပြီး မြို့ပေါ်ပြောင်းခဲ့ရတာ။ ကျမတုန်းကလည်း အဲ့ဒီလိုကြုံခဲ့ရတာ။ တခြားတိုင်းနဲ့ ပြည်နယ် ပြောင်းမယ်ဆိုတော့လည်း နေရာလွတ်က အကုန်ပြည့်နေတော့ ပြောင်းလို့မရဘူး” လို့ ပြောပါတယ်။

AA သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင်မြို့နယ်က Non CDM ဝန်ထမ်းတွေ ဒီနေ့အထိ ပုံမှန်အတိုင်း တာဝန်ထမ်းဆောင်ခိုင်းထားပြီး အရာရှိပိုင်းလောက်သာ ခရီးထွက်ခွင့် ရရှိထားကာ တိုက်ပွဲဖြစ်ပွားလာပါက အရေးပေါ်ပြောင်းရွှေ့ရမယ့် စီစဉ်ညွှန်ကြားမှုတွေ မရှိသေးဘူးလို့ အဆိုပါဝန်ထမ်းတွေထံက သိရပါတယ်။

အခုအခါ AA ထိုးစစ်ကို ကြောက်လန့်နေတဲ့ စစ်ကောင်စီဟာ စစ်တွေမြို့ပေါ်ကို လုံခြုံရေး တင်းကျပ်ထားသလို တင့်ကားတွေနဲ့ပါ ခံစစ်ပြင်ဆင်နေ ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013