Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်မှုခံရသည့် ကျောက်နီမော် ဒေသခံများကို AA အရေးပေါ်ကူညီ
DVB
·
January 17, 2025

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီလေတပ်ရဲ့ ဗုံးကြဲမှုကြောင့်  ‌မီးဘေးသင့်ခဲ့ရတဲ့ ဒေသခံပြည်သူတွေကို တွေကို အာရက္ခတပ်တော် (ULA/AA) က အရေးပေါ်ကူညီ ပေးနေတယ်လို့ ဒီဇင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့တဲ့ အိမ်ထောင်စုပေါင်း ၃၇၉ စုကို ရိက္ခာဆန် တပတ်စာ ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူပေါင်း ၁,၆၈၂ ယောက်ကို အရေးပေါ် ကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ AA ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ပြောပါတယ်။

ဇန်နဝါရီ ၈ ရက်က ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂၈ ယောက် သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

ဒါ့အပြင် ရုပ်အလောင်း ရှာမတွေ့တဲ့ ဒေသခံ ၁၁ ယောက်အထိ ရှိခဲ့တယ်လို့ HDCO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ဒဏ်ရာရရှိထားတဲ့ လူနာတွေကို ဆေးကုသပေးတာတွေ အပါအဝင် အခြား လိုအပ်ချက်တွေကိုလည်း ကြိုးစားဖြည့်ဆည်းပေးနေတယ်လို့ HDCO က ဆိုပါတယ်။

လက်ရှိမှာတော့ လေကြောင်းအန္တရာယ်ကို စိုးရိမ်တာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ဒေသခံတယောက်က ပြောပါတယ်။

လက်ရှိ ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) အကြား တိုက်ပွဲတွေကြောင့် ဒေသတွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၅၇၀,၀၀၀ နီးပါးထိ ရှိလာခဲ့ပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောပါတယ်။

ကေခိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024