ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၃ ယောက်သေဆုံးခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF က ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ် ။
ဇန်နဝါရီ ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၇ မိနစ်ကနေ ၁ နာရီ ၂၁ မိနစ်အထိ ဗုံးသီး ၃၁ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီမှာ ဗုံးသီး ၂၅ လုံး ထပ်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၁ ယောက် သေဆုံးခဲ့ရပြီး ကလေးငယ် ၁ ယောက်အပါအဝင် ၁၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
DPLF ပြန်ကြားရေးတာဝန်ရှိသူက “စစ်ကောင်စီကတော့ သူလုပ်ဆောင်နေကျအတိုင်းပဲ။ လက်နက်ကြီးပစ်တာ၊ လေကြောင်းကနေပစ်တာက ဆက်တိုက်ဆိုသလို လုပ်နေတာပဲ။ ထိတွေ့မှုကတော့ ခဏခဏရှိတယ်” လို့ ပြောပါတယ်။
ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ၂ နာရီကြာ ထိတွေ့မှုဖြစ်ပွားပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ နေအိမ် ၂ လုံးမီးလောင်ခဲ့သလို ၁၅ ရက်နေ့မှာတော့ လက်နက်ကြီးကြောင့် ဒေသခံတယောက် လက်နက်ကြီးအစ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲမှုကြောင့်ထိခိုက်မိတဲ့ ဒေသခံပြည်သူတွေကို DPLF က ဆေးဝါးကုသပေးနေတယ်လို့ သိရပါတယ်။
ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၊ အင်အားဖြည့်တင်းတာတွေကြောင့် DPLF နဲ့ ထိတွေ့တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ DPLF တို့ ကျောက်ဂူဒေသမှာ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေသလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ ရှိရာ ကျေးရွာတွေကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်လို့ ခဲကြားကျေးရွာနဲ့ ဖက်ရင်းကုန်းရွာက အဆောက်အအုံတွေ ပျက်စီးခဲ့ရတာတွေရှိတယ်လို့ ဆိုပါတယ်။