
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ညောင်ဇင်ကြီးကျေးရွာကို ၂ ရက်ဆက်တိုက် စစ်ကောင်စီတပ်က ဒရုန်းယာဉ်နဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့လို့ ပြည်သူတွေရဲ့ နေအိမ်တချို့ ပျက်စီသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ထန်းကုန်းတိုက်နယ် သင်ပေါင်းကျင်းကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူစစ်တွေက ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံ ပြည်သူတယောက်က “ကျနော်တို့ရွာကို ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေ ၅ နာရီ ကျော်အချိန်ကစတင်ပြီး ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်တယ်ဗျ။ ၈၁ မမ ဗုံးသီးအလုံး ၂၀ နဲ့ အကြိမ်ရေ ၄ ကြိမ် လာတိုက်ခိုက်တယ်။ နောက်ထပ်ည ၇ နာရီအချိန်မှာ နောက်ထပ် ၆ လုံး ချတယ်ဗျ။ အဲဒီအကြိမ် လာချတာက ရဲဘော်တဦး ထိခိုက်ဒဏ်ရာပြီးတော့ ပြည်သူပိုင်နေအိမ်များ ထိခိုက်ပျက်စီးခဲ့တာတွေလည်း ရှိတယ်ဗျ။ နောက်ပြီးတော့ မင်းကုန်း (က) ကျေးရွာကိုလည်း ၈၀ မမ၊ ၆၀ မမနဲ့ ၇ ကြိမ် ဒရုန်းယာဉ်နဲ့လာချတယ်ဗျ။ ဗုံးသီးက ၃၆ လုံးချတယ်။ နှစ်ရွာစလုံးမှာ မပေါက်ကွဲတဲ့ ဗုံးသီးတွေလည်း ရှိတယ်ဗျ။ ကျနော်တို့ ဒေသခံတွေ မယူရဲလို့ PDF တွေ အကြောင်းကြားပြီး အပ်လိုက်တယ်ဗျ” လို့ ပြောပါတယ်။
အခုလို စစ်တပ်က ပြည်သူအများ နေထိုင်ရာ ကျေးရွာတွေကို ဗုံးသီးချတိုက်ခိုက်နေတာကြောင့် ဒေသခံ ကျေးရွာသားများနေရပ်စွန့်ခွာ နေကြရတယ်လို့ သိရပါတယ်။
ဒေသခံတိုက်နယ်ပအဖ တာဝန်ရှိသူက “မနေ့ကလည်း တအုန်းအုန်း စည်းမရှိ ကမ်းမရှိချနေတာ။ ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက်ခင်းပိုင်းကလည်း ထပ်လာချတယ်။ လူတွေကတော့ ထိခိုက်မှုမရှိအောင် ရှောင်တိမ်းနေထိုင်ကြရတာပေါ့။ လူနေအိမ်တချို့လည်း ပျက်စီးတာတွေ ရှိတယ်။ ကျနော်တို့ စစ်တပ်ကချတဲ့ ဗုံးသီးတွေထဲက မပေါက်ကွဲတဲ့ ဗုံးသီးလည်း ပြည်သူတွေ ဘေးကင်းဖို့ရာ ရှင်းလင်းနိုင်ခဲ့ပါတယ်” လို့ DVB ကို ပြောပါတယ်။
ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်အတွင်းက ညောင်ဇင်ကြီးကျေးရွာကို စစ်တပ်က စစ်အာဏာသိမ်းပြီးချိန်ကစလို့ ကျေးရွာအတွင်း ဝင်ရောက်မီးရှို့တာ ၄ ကြိမ်အထိရှိနေပြီး ဒေသခံများ လူနေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ဒါ့အပြင် စားဝတ်နေရေးပါ ခက်ခဲမှု တွေနဲ့လည်း ကြုံတွေ့နေကြရပါတယ်။