Home
မြန်မာသတင်း
ပေါက်တောမြို့နယ် ရွာ ၉ ရွာကို စစ်ကောင်စီဗုံးကြဲ ဒေသခံ  ၄ ဦးသေ၊ ၁၇ ဦး ဒဏ်ရာရ
DVB
·
February 21, 2025
တိုက်ပွဲများကြောင့် ပျက်စီးခဲ့သည့် ပေါက်တောမြို့

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ကျေးရွာ ၉ ရွာကို ဖေဖော်ဝါရီ ၂၀ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်က  Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ အမျိုးသမီးနဲ့ မိန်းကလေးငယ်အပါအဝင် ၄ ယောက်ထက် မနည်း သေဆုံးပြီး နောက်ထပ် ၁၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပေါက်တောမြို့ အပါဝင် ငပြီကျွန်း၊ ဆင်တက်မော် ဘော်ဒလီရွာ၊ ဆင်တက်မော် တောတန်းရွာ၊ တောင်ချောင်ကျေးရွာနဲ့ မညှင်းကိုင်း၊ အနောက်ရဲ(မွတ်ဆလင်)၊ သဲခုံ၊ ကျောက်တောင်နဲ့ တောင်ဦးမော်ကျေးရွာတို့ကို စစ်ကောင်စီက ဗုံးအလုံး ၅၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်တယောက်က  ပြောပါတယ်။

“ Y-12 နဲ့ လာပြီးတော့ ပေါက်တောမြို့နဲ့ စစ်တွေမြို့ တဘက်ကမ်းမှာ ရှိတဲ့ ပေါက်တောမြို့နယ်က ကျေးရွာ ၉ ရွာကို ဗုံးတွေကြဲသွားတာ။ ထိခိုက်မှုကတော့ များတယ်။ ကျောက်တောင်မှာ သေဆုံးသူ ၃ ဦးနဲ့ မညှင်းကိုင်းမှာ သေဆုံးသူ ၁ ဦးရှိတယ်။ ဒဏ်ရာပြင်းထန်စွာ ရရှိသူတွေအထဲမှာ နောက်ထပ်လည်း သေဆုံးသူတွေ ရှိလာနိုင်သေးတယ်။ ဗုံးကြဲတာကတော့ တရွာကို အနည်းဆုံး ၂ လုံးကနေ ၆ လုံးအထိ ကြဲသွားတာ။ အခုဗုံးကြဲခံရတဲ့ ရွာတွေက အရပ်သားတွေ နေထိုင်တဲ့ ရွာတွေဖြစ်တယ်။”

လေကြောင်းတိုက်ခိုက်မှုကြောင်းသေဆုံးသွားတဲ့ သူတွေကတော့  ပေါက်တောမြို့နယ် ကျောက်တောင်ကျေးရွာက မခိုင်ဇင်လှိုင် (၁၂ နှစ်)၊ ဒေါ်မလုံး (၅၀ နှစ်)၊ မောင်အောင်ငြိမ်းနိုင် (၅ နှစ်)နဲ့ မညှင်းကိုင်းရွာက ကိုကိုလင်း (၂၄ နှစ်)တို့ ဖြစ်ကြပါတယ်။

ဒါအပြင် ဒဏ်ရာရရှိသွားသူတွေအထဲမှာ ကျောက်တောင်ရွာက ၃ ယောက်၊ မညှင်းကိုင်းရွာက ၄ ယောက်၊ ဆင်တက်မော် ဘော်ဒလီရွာက ဒဏ်ရာရရှိသူ ၄ ယောက်၊ ဆင်တက်တော် တောင်တန်းရွာက ၂ ယောက်၊ ဆင်တက်မော် မွတ်ဆလင်ရွာက တယောက်၊ အနောက်ရဲရွာက ၃ ယောက်တို့ ဖြစ်ကြပြီး နောက်ထပ်အသေးစားထိခိုက်ဒဏ်ရာရရှိသူ တချို့လည်းရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသွားသူတွေကို အရေးပေါ်ဆေးဝါးကုသမှု ခံယူနေကြရတယ်လို့ ကူညီပေးနေသူတွေကပြောပါတယ်။

စစ်ကောင်စီဟာ Y-12 လေယာဉ်နဲ့ ၁ နာရီ ၁ နာရီခွဲကနေ ၂ နာရီအထိ နာရီဝက်နီးပါးကြာ ပေါက်တောမြို့ အပါဝင် စစ်တွေမြို့နဲ့ တဘက်ကမ်းမှာရှိတဲ့ ပေါက်တောမြို့နယ်က ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ စစ်တွေမြို့ရှိ တပ်ရင်းတွေ တိုက်ခိုက်ခံရပြီးနောက် မြို့နဲ့အနီးဆုံးဖြစ်တဲ့ ပေါက်တောမြို့နယ်က ရွာတွေကို မှတ်ပစ်ထားတိုက်ခိုက်လာတာဟာ အဲဒီကျေးရွာတွေမှာ AA တပ်ဖွဲ့ဝင်တွေ ရှိတယ်လို့ အထင်နဲ့ တိုက်ခိုက်လာတာဖြစ်တယ်လို့ နောက်ထပ်ပေါက်တော ဒေသခံတယောက်က ပြောပါတယ်။

“ဒီရက်ပိုင်းမှာ ပေါက်တောကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို လုပ်နေတာကို တွေ့လာရတယ်။ ဒီနေ့ တိုက်ခိုက်မှုဆိုရင် မြို့နယ်တခုလုံးနီးပါးကို တိုက်ခိုက်သွားတာ။ အဓိကတော့ စစ်တွေနဲ့ တဘက်ကမ်းက ရွာတွေမှာ AA တွေ ရှိတယ်အထင်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်” လို့ပြောပါတယ်။

စစ်ကောင်စီက ပေါက်တောမြို့ကို ဗုံး ၈ လုံး၊ ငပြီကျွန်းကို ၆ လုံး၊ ဆင်တက်မော်ဘော်ဒလီရွာကို ၆ လုံး၊ တောင်ချောင်းရွာကို ၆ လုံး၊ ဆင်တက်မော် တောင်တန်းရွာကို ၆ လုံး၊ မညှင်းကိုင်းကို ၂ လုံး၊ ဆင်တက်မော် မွတ်ဆလင်ရွာကို ၃ လုံး၊ အနောက်ရဲရွာကို ၃ လုံး၊ သဲခုံရွာကို ၄ လုံးနဲ့ တောင်မော်ဦးကို ၄ လုံးကြဲချသွားခဲ့တာလို့ သိရပါတယ်။

ပေါက်တောမြို့နယ် ငပြီကျွန်းနဲ့ သဲခုံးကျေးရွာတို့ကိုလည်း ဖေဖော်ဝါရီ ၁၇ ရက် ညက စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးတွေနဲ့ လေကြောင်းတိုက်ခိုက် ခဲ့တယ်လို့ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီဟာ စစ်တွေမြို့ရှိ တပ်ရင်းတွေ တိုက်ခိုက်ခံရပြီးနောက် ပေါက်တောမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013