
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၈ ရက် ည ၁၀ နာရီခွဲဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတယောက် သေဆုံးကာ ကလေးငယ်တယောက် အပါအဝင် ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပြင်ဦးလွင်ခရိုင် ပကဖ) ဆီကနေ သိရပါတယ်။
ပြင်ဦးလွင်ခရိုင် ပကဖ ပြန်ကြားရေးတာဝန်ခံက “စဥ့်ကူးမြို့နယ်ထဲမှာရှိတဲ့ လက်ပန်လှရွာ၊ ပြည်စိုးအောင်ရပ်ကွက်က ကျေးရွာစာသင်ကျောင်းဝိုင်းထဲကို ဗုံးကြဲသွားတာပါဗျ။ အရပ်သားပြည်သူ အမျိုးသမီးတယောက် ဆုံးသွားပါတယ်။ ကလေးငယ် တဦးနဲ့ အမျိုးသား တဦးတို့ ဒဏ်ရာရပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးနဲ့ ဒဏ်ရာရတဲ့သူတွေက မိသားစုဝင်တွေ ဖြစ်တယ်လို့တော့ သိထားရပါတယ်။ အတည်တော့ မပြုနိုင်သေးပါဘူး” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း အသက် ၄၃ နှစ်အရွယ် မစန်းစန်းမွန် ဗုံးစထိမှန်ခဲ့တာကြောင့် နေရာမှာတင် သေဆုံးသွားကာ အသက် ၅၃ နှစ်အရွယ် ဦးခင်မောင်မြင့်နဲ့ အသက် ၂ နှစ်အရွယ် ကလေးငယ်တယောက်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) တာဝန်ခံ ကိုကီရီက “စာသင်ကျောင်းထဲကို တည့်တည့်ချသွားတာ။ စာသင်ကျောင်းဆောင်နဲ့ လူနေအိမ်တလုံး မီးလောင်ပျက်စီးပါတယ်။ တိုက်ပွဲဖြစ်တာမရှိပါဘူး။ အဲဒီရွာမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း စခန်းချနေထိုင်နေတာ မရှိဘဲနဲ့ အကြောင်းမဲ့ ကြဲသွားခဲ့တာဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ရှုံးလာတာနဲ့အမျှ လေကြောင်းနဲ့ လက်နက်ကြီးတွေအပြင် မြေပြင်စစ်ကြောင်းကလည်း ကျေးရွာတွေအတွင်း ဝင်ရောက်မီးရှို့ ဖျက်ဆီးနေကြတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်းတွေနဲ့ လေကြောင်းရန်တွေကို သတိထားနေထိုင်ကြဖို့လည်း တော်လှန်ရေးအဖွဲ့တွေက သတိပေး တိုက်တွန်းထားတယ်လို့ သိရပါတယ်။