Home
ဆောင်းပါး
အာဏာလျှာနာ ကုဋ္ဌနူနာ စစ်သတ္တဝါတို့လမ်းစဉ်
DVB
·
February 22, 2025

မြန်မာစကားမှာ ကလိမ်စေ့ ငြမ်းဆင် ဆိုတဲ့ စကားအသုံးအနှုန်းတခု ရှိပါတယ်။ ဆိုလိုတာက ကလိန်စေ့ ဆိုတာက ငြမ်းဆင်ဖို့ မဖြစ်နိုင်‌အောင် အလွန်သေးငယ်တာမို့ မဖြစ်နိုင်တာ ပြောနေသူ၊ လိမ်ညာချဲ့ကားသူကို ကလိမ်စေ့ပေါ်သို့ တက်ရန် ငြမ်းဆင်နေသူ၊ ယုတ္တိမတန်တဲ့စကားကို လှည့်ပတ်ပြောဆိုတာလို့ ပြက်ရယ်ပြု သုံးနှုန်းကြခြင်း ဖြစ်ပါတယ်။

ကလိမ်ပင် ဆိုတာဟာ ဆူးပါသော နွယ်ပင်မျိုးဖြစ်ပြီး အပင်ကြီးလာရင် အကိုင်းတွေ၊ ဆူးတွေနဲ့ ရှုပ်နေတတ်လို့ လူရှုပ်လူပွေတွေကို ကလိမ်ချုံလို့ လှောင်ပြောင်ခေါ်တတ်ကြပါသေးတယ်။ မြန်မာနိုင်ငံကို စစ်ကျွန်ပြုထားတဲ့ စစ်အာဏာရှင် ဒုတိယမျိုးဆက်ဟာ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်မှာ လက်နက်အားကိုးနဲ့ ပြည်သူထောင်ပေါင်းများစွာကို သတ်ဖြတ် ဖမ်းဆီး ထောင်ချလို့ အကြမ်းဖက် အာဏာသိမ်းယူခဲ့ကြတာ အားလုံးအသိ ဖြစ်ပါတယ်။

အတိုကောက်အနေနဲ့ ငြိမ်ပိ၊ နဝတ လို့ အခေါ်ခံရတဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့လို့ သူတို့ကိုယ်သူတို့ နာမည်ပေးထားကြတဲ့ စစ်ဓားပြဂိုဏ်းဟာ ၁၉၈၈ ခုနှစ် အာဏာလုယူခဲ့စဥ်တုန်းမှာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း အပါအဝင် တနိုင်ငံလုံးရှိ သပိတ်စခန်းတွေကို မောင်းပြန်‌သေနတ်တွေနဲ့ ပစ်ခတ်သတ်ဖြတ် ဖြိုခွဲခဲ့တာကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်သူ သောင်းဂဏန်း‌အထိ သေကျေ အသက်ဆုံးပါးခဲ့တာကို ဖုံးကွယ်ခဲ့ပါတယ်။ လူထုအလိုဆန္ဒကို ဆန့်ကျင်ခဲ့တဲ့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်က သူတို့ အာဏာသိမ်းမှုကြောင့် ၁၅ ဦးသာ သေဆုံးခဲ့တယ်လို့ တိုင်းပြည်ကို ဗြောင်လိမ်ညာမုသားဆိုခြင်းနဲ့ သမိုင်းဆိုးလိုက်ကာ စဖွင့်ခဲ့ပါတယ်။

ဒီမိုကရေစီနဲ့ အခြေခံလူ့အခွင့်အရေးကို‌ လိုလားတောင်းဆိုခဲ့ကြတဲ့ ပြည်သူလူထု အများစုဆန္ဒကို ဆန့်ကျင်ပြီး စစ်အာဏာတည်မြဲအောင် ထပ်မံအာဏာသိမ်းယူခဲ့တာကို ဖုံးကွယ်ဖျောက်ဖျက်လို့ ပြည်ထောင်စုမပြိုကွဲဖို့ အာဏာသိမ်းရပါတယ်၊ တိုင်းပြည် ချောက်ကမ်းပါးထဲ ကျဖို့ လက်တလုံးအလိုမှာ တပ်မတော်က ကြားဝင်ကယ်တင်လိုက်ရပါတယ်ဆိုတဲ့ သဘောနဲ့ နားမလည်တဲ့ ပြည်သူကို အမျိုးမျိုး လိမ်ညာလှည့်ဖြားခဲ့ကြတယ်။

ဒါကြောင့် အစိုးရသတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ တီဗွီတွေကနေ နေ့စဥ် သမိုင်းဖြစ်ရပ်မှန်တွေကို ဖျောက်ဖျက်ဖုံးကွယ်ပြီး ယုတ္တိမတန်တဲ့ စကားတွေ၊ ဖြတ်ညှပ်ကပ်လုပ် ဇာတ်တွေခင်း၊ စစ်ဝါဒပေါ်လစီကို လှည့်ပတ်ပြောဆိုခဲ့တာမို့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဆိုပြီး သူတို့ကိုယ်သူတို့ နာမည်ပေးထားတဲ့ စစ်အာဏာသိမ်းအဖွဲ့ကို ကလိမ်စေ့ငြမ်းဆင် ငြိမ်ပိလမ်းစဉ်လို့ ပြည်သူတွေရဲ့ ဝိုင်းဝန်းလှောင်ပြောင်ခြင်း ခံခဲ့ရတာလည်း အားလုံး သိပြီး ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် ပထမမျိုးဆက် တဏှာရူးနေဝင်း လက်ထက်ကစပြီး စစ်တပ်ဟာ ပြည်သူကို လိမ်ညာတတ်ခဲ့ကြပါတယ်။ ၁၉၆၂ ခုနှစ် ဇူလိုင်လမှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ကျောင်းသားအရေးအခင်းမှာ ဇူလိုင်လ ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲနဲ့ အဆောင်တွေထဲအထိ ဝင်ပြီး လက်နက်မဲ့ တက္ကသိုလ်ကျောင်းသားတွေကို မောင်းပြန်သေနတ်တွေနဲ့ သွေးပင်လယ်ဝေအောင် ပစ်ခတ် သတ်ဖြတ်ခဲ့ကြရာမှာ ကျောင်းသားတွေ ရာနဲ့ချီ သေဆုံးခဲ့ရတာကို ၁၇ ယောက်သာ သေဆုံးခဲ့တယ်ဆိုပြီး လိမ်ညာသတင်းထုတ်ပြန်ပြီး မုသားလိုက်ကာ စဖွင့်ခဲ့ကြတာ ဖြစ်ပါတယ်။

နဝတ၊ နအဖ ဒုတိယစစ်အာဏာရှင်မျိုးဆက်ဟာ ပါတီစုံဒီမိုကရေစီပေးမယ်၊ အနိုင်ရပါတီကို အာဏာလွှဲပေးပြီး စစ်တပ်က ဘားတိုက်ထဲ ပြန်ဝင်မယ် စတဲ့ ကတိအတုတွေ ပေးပြီး စစ်အာဏာရှင်စနစ်ကို ပိုခိုင်မာအောင် ကလိမ်စေ့ ငြမ်းဆင်လို့ လိမ်ညာတည်ဆောက်ခဲ့ကြပြီး တိုင်းပြည်ရဲ့ သယံဇာတတွေ၊ သစ်တောကြီးတွေ ပြုန်းတဲ့အထိ ထုတ်ယူကိုယ်ကျိုးရှာလို့ စစ်ဓားပြ ဗိုလ်ချုပ်ကြီးတွေ ကျိကျိတက် ချမ်းသာကြွယ်ဝခဲ့‌ပေမဲ့ ပြည်သူအများစုဘဝကတော့ ဆင်းရဲတွင်းထဲ နက်ရှိုင်းစွာ ကျဆင်းခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် အာဏာလုခဲ့ကြတဲ့ တတိယ‌မြောက် နောက်ဆုံးစစ်အာဏာရှင်မျိုးဆက် သမ္မတရူး ဂျပု ခွေးပစ်တုတ် မင်းအောင်လှိုင်နဲ့ မုသားပြန်ဝန် ဇော်မဲလုံးတို့ လက်ထက်မှာတော့ သူတို့ အရင်မျိုးဆက် ဘုရင်ရူး ခွေးဘီလူး သန်းရွှေတို့၊ ဒေါက်တို ကလိမ်ကကျစ်ပြန်ဝန် ကျော်ဆန်းတို့ထက် အရှက်သိက္ခာပိုမဲ့လို့ ဗြောင်လိမ်ဗြောင်ညာခဲ့ကြတာ ၄ နှစ်တိုင်တိုင် မရပ်မနား တိုင်းပြည်နဲ့ ကမ္ဘာကို လိမ်ပြောနေကြတာဟာ သူတို့ရဲ့လျှာမှာ ကုဋ္ဌနူနာ အထပ်ထပ်စွဲလို့ ကြွပ်တက်နေခဲ့ပါပြီ။

စစ်အာဏာလုခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ လိမ်ပြောခဲ့တိုင်း သူ့ရဲ့လျှာအပေါ်က အရသာခံ အဖုတဖုမှာ နူနာအဖုတကွက် ပေါ်ခဲ့မယ်ရင် အခုဆို လျှာတပြင်လုံး နေရာလပ်မကျန်‌အောင် နူနာအပြည့် ရှိနေလောက်ပါပြီ။ သမ္မတရူး သာဝရဲ့ လျှာမှာ ပထမဆုံးထွက်တဲ့ နူနာအဖုကတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတုန်းက ပြည်သူ့ဆန္ဒမဲ အဆုံးအဖြတ်ကို လက်ခံရမှာပေါ့လို့ တိုင်းသိပြည်သိ လိမ်ညာခဲ့စဉ်က ထွက်လာတဲ့ နူနာဖုပါပဲ။

ဒုတိယနူနာဖုကတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို မဲစာရင်း အမှားအယွင်းတွေကြောင့်၊ အထောက်အထားမရှိဘဲ မဲမသမာမှုကြောင့်လို့ အကြောင်းပြပြီး အာဏာသိမ်းရတာပါလို့ ပြောခဲ့တုန်းက ထွက်ခဲ့ပါတယ်။ တတိယ နူနာဖုကတော့ စစ်အာဏာရှင်စနစ် ရှင်သန်နိုင်‌အောင် သူတို့အဖွဲ့ အာဏာလုယူခဲ့ရတာကို ဖုံးကွယ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အာဏာထိန်းခဲ့တာပါလို့ လိမ်ညာခဲ့စဉ်က ဖြစ်ပါတယ်။

ပြီးတော့ တိုင်းပြည်ကို တနှစ်သာ အုပ်ချုပ်မှာဖြစ်ကြောင်း၊ စစ်ဆေးဆောင်ရွက်ဖို့ ရှိတာတွေ ဆောင်ရွက်ပြီးရင် နိုင်ငံတော်သမ္မတကို ပုဒ်မ ၄၂၂ အရ အာဏာပြန်လည်လွှဲအပ်ပြီးတဲ့နောက် ၆ လအတွင်း ရွေးကောက်ပွဲကို ပြန်လည်ကျင်းပ‌ပေးမှာဖြစ်ကြောင်း ပြောဆိုလိမ်ညာခဲ့စဉ်မှာ စတုတ္ထနူနာဖု ထွက်ခဲ့ပြန်ပါတယ်။

အဲဒီနောက်တော့ ကိုယ်ကျင့်သီလ ကောင်းမြတ်တည်ကြည်ကြတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် လူထု‌ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်တို့အပေါ် ယုတ္တိမတန်တဲ့ စွပ်စွဲချက်အမျိုးမျိုးနဲ့ ပြောဆို တရားစွဲဆိုခဲ့ကြတဲ့အချိန်မှာ နူနာအဖုတွေ ထပ်ထွက်လာခဲ့ပါတယ်။

ဆောင်းပါး ရှည်လျားလွန်းမှာစိုးရတာမို့ အာဏာလုယူခဲ့တဲ့ကာလ ၄ နှစ်အတွင်း မဟုတ်မမှန်ဘဲ မရေတွက်နိုင်အောင် များပြားတဲ့ အရှက်သိက္ခာမဲ့စွာ လိမ်ညာခဲ့တဲ့ စကားတွေထဲက အချို့ကိုသာ အောက်ပါအတိုင်း ရေးသားပေးလိုက်ရပါတယ်။

တပ်မတော် မရှိရင် နိုင်ငံတော်ကြီး ပြိုကွဲတော့မယ်။ ပြည်ပဩဇာခံ ဖြစ်ပြီး ကိုလိုနီဘ၀ ပြန်ရောက်တော့မယ်။ အဲဒါကြောင့် တပ်မတော်က နိုင်ငံတော်ကို ကယ်တင်နေတာဖြစ်ကြောင်းတို့၊  တပ်မတော်က မကယ်တင်ရင် နိုင်ငံတော်ကြီး ပျက်သုဉ်းတော့မယ်တို့။ သူ့လက်ထက်မှာ တိုင်းပြည်စီးပွားရေး ဦးမော့လာပြီ၊ မြန်မာနိုင်ငံ တိုးတက်ချမ်းသာလာပြီတို့၊ အရာရှိ၊ စစ်သည်တွေ ရှေ့တန်းစစ်မြေပြင်မှာ ရွပ်ရွပ်ချွံချွံ ထမ်းဆောင်လျက်ရှိပါတယ်တို့ စတဲ့အလိမ်အညာ မုသားစကားတွေကို ထမင်းစား ရေသောက် ပြောခဲ့တာမို့ လျှာတပြင်လုံးမှာရှိတဲ့ အရသာခံ အဖုလေးတွေတိုင်းဟာ ကုဋ္ဌနူနာ အဖုတွေအဖြစ် ပြောင်းလဲကုန်သလို သူ ပြောသမျှ စကားတိုင်းဟာ ပုပ်ဟောင်ပြီး ကျက်သရေကင်းမဲ့လှတာမို့ မြန်မာပြည်သူအများစုက စက်ဆုပ်ရွံရှာကြပါတယ်။

ဒီဆောင်းပါးကို နိဂုံးသတ်ရရင် မြန်မာနိုင်ငံကို ဗိုလ်ကျဖျက်ဆီးခဲ့ကြတဲ့ စစ်အာဏာရှင် ပထမမျိုးဆက်ကနေ နောက်ဆုံး တတိယမျိုးဆက်အထိ ပြည်သူလူထုနဲ့ တိုင်းပြည်အပေါ် အမှန်တရားတွေ ဖုံးကွယ်လို့ လိမ်ညာမုသားတွေ အထပ်ထပ်ဆိုခဲ့ကြတာမို့ အာဏာစက် လျှာစက်တွေ လျှောကျနိမ့်ပါးလာရင်း အခုဆို အသိဉာဏ်ရှိသူတိုင်းက မယုံကြည်တော့ဘဲ စစ်တပ်ဆို လူမလေးခွေးမခန့်တဲ့အဆင့်ကို ရောက်သွားခဲ့ရပါပြီ။

အာဏာလု စစ်ဓားပြဂိုဏ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မုသားပြန်ဝန် ဇော်မဲလုံးတို့ဟာ လိမ်ညာ ကတိဖျက်တာတွေကို ထမင်းစားရေသောက် ပြောဆိုလာကြတာမို့ သူတို့ရဲ့လျှာတပြင်လုံးပေါ်မှာ အရသာခံအဖုလေးတွေ ရှိသလောက် နူနာအဖုတွေထွက်လို့ ပြည်တစိုစို ဖြစ်နေသလို ထင်မှတ်အောင် လိမ်ညာလွန်းတာမို့ အာဏာလျှာနာ ကုဋ္ဌနူနာ စစ်သတ္တဝါလို့ သတ်မှတ်ရပါတော့မယ်။

မုသားဆိုဝံ့တဲ့သူ မကျူးလွန်ရဲတဲ့ အကုသိုလ်ဆိုတာ လောကမှာ မရှိနိုင်ပြီလို့ ဗုဒ္ဓဘုရားရှင်တော် ဟောကြားဆုံးမခဲ့သလို မုသားရဲ့ကျေးကျွန် စစ်သတ္တဝါတွေဟာ လူ့သမိုင်းမှာ အဆိုးယုတ်ဆုံး မကောင်းမှု အကုသိုလ်တွေ၊ စစ်ရာဇဝတ်မှု ကုဋေကုဋာကို ကျူးလွန်ခဲ့ ကျူးလွန်နေကြဆဲ ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် လူထုခေါင်း‌ဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား သတိပေးခဲ့တဲ့ “အကြီးအကဲလုပ်သူက လိမ်ညာတယ်ဆိုရင် အမှန်တရားကို သတ်ပစ်တာပဲ၊ ဒီလိုလုပ်တာဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာနဲ့ အတူတူပဲ” ဆိုတဲ့စကားလို လျှာနာနူနာ စစ်သတ္တဝါတွေဟာ လိမ်ရင်းညာရင်း သူတို့နဲ့တကွ သူတို့ရဲ့ စစ်အခွင့်ထူးခံစနစ်ကို သေကြောင်းကြံနေကြတယ်ဆိုတာ မသိနိုင်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024