
မန္တလေးမြို့နဲ့ စဉ့်ကိုင်မြို့တို့မှာ MDY PDF တပ်ဖွဲ့ဝင် ၆ ယောက်ကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ရာ ဖမ်းဆီးခံရသူတွေဟာ သူတို့ရဲ့တပ်ဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ MDY PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က DVB ကို ပြောပါတယ်။
မန္တလေးနဲ့ စဉ့်ကိုင်မြို့တို့မှာ လုပ်ကြံသတ်ဖြတ်မှု ၉ ကြိမ်၊ ဖောက်ခွဲမှုဖျက်ဆီးမှု ၂ ကြိမ် ပြုလုပ်ခဲ့တဲ့ MDY PDF အဖွဲ့ဝင် ၆ ယောက်ကို လက်လုပ်သေနတ် ၄ လက်၊ ဗုံးမျိုးစုံ ၁၃ လုံးနဲ့အတူ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေကတဆင့် ဖေဖော်ဝါရီ ၁၉ ရက်က ထုတ်ပြန်ကြေညာခဲ့တာဟာ သတင်းအမှားသာဖြစ်တယ်လို့ ကိုအော်စမွန်က ဆိုပါတယ်။
“မဟုတ်ပါဘူး။ ကျနော်တို့တပ်ဖွဲ့အနေနဲ့ ဒီလိုလုပ်ဆောင်ခဲ့တာ မရှိပါဘူး။”
စစ်ကောင်စီ ထုတ်ပြန်ထားတဲ့အထဲမှာ ဇန်နဝါရီ ၂၆ ရက်က ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်က ရာအိမ်မှူး ဦးဝင်းဦးကို နေအိမ်ရှေ့က ကွမ်းယာဆိုင်မှာ ထိုင်နေစဉ် အမျိုးသား ၂ ယောက်က ပစ္စတိုနဲ့ ၂ ချက် ပစ်ခတ်ခဲ့သူ ၂ ယောက်ကို ဖော်ထုတ်ဖမ်းဆီးပြီးနောက် ဆက်စပ်နေသူတွေကို ထပ်မံဖမ်းဆီးရမိခဲ့တာလို့ ထုတ်ပြန်ထားတာပါ။
စစ်ကောင်စီဟာ ပေါက်ကွဲမှု၊ ပစ်ခတ်မှုတွေ ဖြစ်ပေါ်လာရင် အနီးအနားမှာရှိသူတွေကို ဖမ်းဆီးပြီး PDF လို့ တံဆိပ်ကပ်ကာ ဂုဏ်သိက္ခာညှိုးနွမ်းစေဖို့ အမြဲဝါဒဖြန့်လေ့ ရှိပါတယ်။
ဒါ့အပြင် PDF တွေ အလင်းဝင်လာတယ်ဆိုတဲ့ အကြောင်းနဲ့ PDF တွေ မိုင်းထောင်ရင်း ပေါက်ကွဲလို့ဆိုတဲ့ အကြောင်းတွေကို နိုင်ငံပိုင်သတင်းစာတွေကတဆင့် မကြာခဏ ထုတ်လွှင့်လေ့ ရှိပါတယ်။