
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က ယာဥ်စစ်ဆေးနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတယောက်ဟာ သူကိုင်ဆောင်ထားတဲ့ သေနတ်ကနေ ကျည်ထွက်ကာ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ၃ တန်နဲ့အထက် ယာဥ်တွေ စစ်ဆေးဖို့ တာဝန်ကျတဲ့ ရဲတပ်သားဟာ သေနတ်ကို ကိုင်ပြီး ထိုင်နေစဥ် ကျည်ထွက်လို့ သေဆုံးသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။
“၁၁၄ လမ်း၊ ၇၃-၇၄ လမ်းကြားမှာ ဖြစ်သွားတာ။ ဆိုင်ကယ်တွေ လိုင်စင်မဲ့ကားတွေလိုက်ဖမ်းတဲ့ အဖွဲ့ သေနတ်ကို ပေါင်ကြားထဲထည့်ပြီး ပြောင်းဝပေါ်မေးတင်ပြီး ထိုင်နေတဲ့အချိန် ကျည်ထွက် သွားတာ။ တချက်တည်းပဲ ပွဲချင်းပြီးသေသွားတယ်။”
ပြည်ကြီးတံခွန်မြို့နယ်အတွင်း ဌာနဆိုင်ရာနဲ့ပူးပေါင်းပြီး နေ့စဥ် ယာဥ်ဖမ်းဆီးရတာ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးရတာ၊ များပြားလာတဲ့ မှုခင်းတွေနဲ့ အထက်လူကြီးတွေရဲ့ ဖိအားတွေကြောင့် သတ်သေသွားတာလည်း ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင် တယောက်က သုံးသပ်ပြောပါတယ်။
“မနေ့က သင်ပန်းကုန်းက ဆေးဆိုင်တဆိုင် ဓားပြတိုက်ခံရတယ်။ ၁၇ ရက်က ရွှေဧရာတည်းခိုခန်းမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတယောက်ကို ဝင်ဖမ်းတယ်။ ပြောပြလို့မရတဲ့ မှုခင်းတွေ အများကြီးပဲ။ မတော်တဆ ကျည်ထွက်ပြီး သေသွားတာဖြစ်နိုင်သလို အပေါ်က ဖိအားတွေများလို့ သတ်သေသွားတာလည်း ဖြစ်နိုင်တယ်။”
သေဆုံးသူမှာ ပြည်ကြီးတံခွန်မြို့နယ် စွယ်တော်ကားကြီးဝင်း ရဲကင်းစခန်းမှာ တာဝန်ကျနေတဲ့ စည်ပင်ရဲတပ်သားတယောက်ဖြစ်ပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ဗိုလ်ချုပ်တွေနဲ့ ရဲတပ်ဖွဲ့ အကြီးအကဲတွေရဲ့ ဖိအားတွေကြောင့် ကိုယ်ကိုယ်ကိုယ်သတ်သေသွားတဲ့ အရာရှိ၊ စစ်သည်တွေများစွာ ရှိပါတယ်။