
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်က စက်သုံးဆီဆိုင်နဲ့ မန္တလေးတိုင်း၊ ရမည်းသင်း၊ ချမ်းအေးသာစံ၊ ပုသိမ်ကြီး စတဲ့မြို့နယ်တွေမှာ လူနေအိမ် ၅ လုံး မီးလောင်ခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ် မှတ်တမ်းအရ သိရပါတယ်။
တောင်ကြီးမြို့နယ်၊ ရွှေညောင်-ရပ်စောက်သွားလမ်းမ၊ တောင်နီရွာထိပ်က ဗိုလ်အောင်ဒင် စက်သုံးဆီဆိုင်မှာ ဖေဖော်ဝါရီ ၁၁ ရက်၊ မနက် ၁၀ နာရီ ၁၀ မိနစ်လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၁၂ ဘီးကားတစီးနဲ့ ဆီဆိုင်အဆောက်အအုံတခြမ်း မီးလောင်ပျက်စီးခဲ့ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ မီးလောင်မှုဟာ ၁၂ ဘီးကားကနေ စတင်တာလို့ သိရပြီး မီးလောင်မှုရဲ့ အကြောင်းရင်းအမှန်ကို သက်ဆိုင်ရာ မီးသတ်အဖွဲ့က စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ဘာလို့လောင်လဲ တိတိကျကျတော့ မသိသေးပါဘူး။ မီးဟပ်ဒဏ်ရာ ၂ ဦး ရှိပါတယ်။ မစိုးရိမ်ရပါ။ ဆိုင်က တဝက်လောက် ပါသွားတယ်” လို့ ပြောပါတယ်။
မီးလောင်ဆီဆိုင်ကို ပြည်နယ်၊ ခရိုင်၊ မြို့နယ် မီးသတ်အဖွဲ့ပေါင်း ၆ ဖွဲ့တို့က မီးသတ်ယာဉ် ၉ စီး၊ ရေသယ်ယာဉ် ၅ စီးတို့နဲ့ ၁ နာရီခွဲလောက် လာရောက်ငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၁၁ နာရီ မိနစ် ၄၀ လောက်မှာ မီးငြိမ်းသွားပါတယ်။
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၈ လမ်း၊ ၈၁ လမ်း x ၈၂ လမ်းကြားက မြင်းဝန်းရတနာဝင်း (ဒေါ်မမကြီးဝင်း) မှာတော့ ဆောက်လက်စ ၂ ထပ်တိုက် အပေါ်ထပ်မှာလည်း ဖေဖော်ဝါရီ ၁၁ ရက် မနက် ၁၁ နာရီခွဲလောက်က မီးလောင်ခဲ့ပြီး နေ့လယ် ၁၁ နာရီ ၃၅ မိနစ်မှာ မီးငြိမ်းသွားပါတယ်။
မြို့ခံမီးသတ်တပ်ဖွဲ့ဝင်တယောက်က “မီးလောင်မှု ၂ ကြိမ်မှာ လူထိခိုက်မှု မရှိပါဘူး။ ဆောက်လက်စတိုက်ကတော့ ဝါယာရှော့ပါ။ ပုသိမ်ကြီး လောင်တာကတော့ ပေါ့ဆမီးပါ” လို့ ပြောပါတယ်။
ပုသိမ်ကြီးမြို့နယ်၊ လက်သစ်ရွာမှာတော့ ဖေဖော်ဝါရီ ၁၀ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ်လောက်က ၁၀ ပေ × ပေ ၃၀ အိမ် ၃ လုံး မီးလောင်ခဲ့ပြီး နေ့လယ် ၁ နာရီ ၅၂ မိနစ်မှာ မီးငြိမ်းသွားပါတယ်။
ရမည်းသင်းမြို့နယ်၊ မြင်းနားရွာအုပ်စု၊ ရွှေနန်းမော်ရွာမှာ ဖေဖော်ဝါရီ ၁၀ ရက် ည ၁၁ နာရီခွဲလောက်က ၁၅ ပေ၊ ပေ ၃၀ ရှိ လူနေ နှစ်ထပ်ပျဥ်ထောင်အိမ်တလုံး မီးရှို့ခံရတာကြောင့် မီးလောင်ပျက်စီးခဲ့ပြီး ည ၁၁ နာရီ ၄၃ မိနစ်လောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ကြပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ရှို့မီးပါ။ အိမ်ရှင်တွေ အကုန်အိပ်နေချိန် မီးတုတ်ပစ်ခံရတာ။ အသေအပျောက်တော့ မရှိပါဘူး” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် လူနဲ့ တိရစ္ဆာန် ထိခိုက်မှုမရှိဘဲ ပျက်စီးမှုတန်ဖိုးကိုတော့ တွက်ချက်နေဆဲဖြစ်ပြီး မီးရှို့ထွက်ပြေးသူကို သက်ဆိုင်ရာအဖွဲ့က စုံစမ်းနေတယ်လို့ သိရပါတယ်။