
ယာယီနေရပ်စွန့်ခွာသူတွေကို စုစုပေါင်း ၅ ကြိမ်ခွဲပြီး ထောက်ပံ့သွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်မီး အရှိန်မြင့်တက်ခဲ့ပြီး ယာယီနေရပ်စွန့်ခွာသူ ၇ သိန်းနီးပါး ရှိနေတာပါ။
ဒီလို နေရပ်စွန့်ခွာသူတွေအတွက် ထောက်ပံ့ငွေကို ၂၀၂၅ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ လစဉ်ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောကြားထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွက် ထောက်ပံ့ငွေတွေကို အခု ဖေဖော်ဝါရီလအတွင်း ပေးထားပြီး ဖြစ်တယ်လို့ သိရပြီး ဖေဖော်ဝါရီနဲ့ မတ်လအတွက် ထောက်ပံ့ငွေတွေကို ဧပြီလအတွင်း ပေးအပ်မှာ ဖြစ်ပါတယ်။
ဧပြီ၊ မေ၊ ဇွန်လတွေအတွက် ဇူလိုင်၊ ဇူလိုင်လကနေ စက်တင်ဘာလအထိကို အောက်တိုဘာနဲ့ အောက်တိုဘာကနေ ဒီဇင်ဘာအထိကို ၂၀၂၆ ဇန်နဝါရီလအတွင်းဆိုပြီး ၅ ကြိမ်ခွဲ ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ယာယီနေရပ်စွန့်ခွာသူ ၇ သိန်းနီးပါးအတွက် တယောက်ကို ကျပ် ၂၀,၀၀၀ နှုန်းနဲ့ လစဉ်ထောက်ပံ့မှာဖြစ်ပြီး စုစုပေါင်း ကျပ် ၁၆၆ ဘီလီယံကျော် ကုန်ကျမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
ယာယီနေရပ်စွန့်ခွာသူတွေကို စစ်ကောင်စီက ကူညီပေးမယ်၊ လစဥ်ထောက်ပံ့ငွေ ပေးအပ်သွားမယ်လို့ ပြောဆိုထားပေမဲ့ လက်ရှိအချိန်ထိ မြေပြင်ကွင်းဆင်းကာ စစ်ရှောင်စာရင်း လိုက်ကောက်တာတောင် မရှိသေးဘူးလို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက DVB ကို ပြောပါတယ်။