Home
မြန်မာသတင်း
တရုတ်လက်နက်ကိုင်ကြေးစားတပ်များ မြန်မာပြည်ဝင်လာနိုင်ရန် စစ်ကောင်စီက ဥပဒေသစ် ပြဋ္ဌာန်း
DVB
·
February 20, 2025

တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေ မြန်မာနိုင်ငံမရောက်မီ လက်နက်ကိုင်ဆောင်ခွင့်ပါတဲ့ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေသစ်ကို  စစ်ကောင်စီက  ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းက   ထုတ်ပြန် ပြဋ္ဌာန်းလိုက်ပါတယ်။

အခုနှစ် ဇန်နဝါရီအစောပိုင်းကတည်းက တရုတ်လုံခြုံရေးကုမ္မဏီတွေ မြန်မာနိုင်ငံကို ဝင်ရောက်လာမယ်ဆိုတဲ့ သတင်းတွေကြားပြီးကတည်းက စစ်ကောင်စီက ဒီဥပဒေကို ရေးဆွဲနေတာလို့  နေပြည်တော်သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

"ကျောက်ဖြူ ရေနက်စီမံကိန်းနဲ့ ပိုးလမ်းမစီမံကိန်းကို  တရုတ်တွေက ကိုယ်တိုင် လုံခြုံရေးယူချင်တယ်။  တရုတ်တွေ လက်နက်နဲ့ဝင်လာရင် ပြည်သူတွေအထိန့်တလန့်ဖြစ်မယ်။ ဒါကို ကြိုကာတဲ့အနေနဲ့ ဒီဥပဒေထုတ်တာ။”

ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ဦးဆောင်တဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကွဲရေး ဗဟိုကော်မတီကို ၁၆ ယောက်နဲ့ ဖွဲ့စည်းထားပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာ နယ်လုံဝန်ကြီးက ဦးဆောင်ကာ ၁၄ ယောက်နဲ့ဖွဲ့ စည်းထားပါတယ်။

ဒီဥပဒေမှာတော့ စစ်ကောင်စီက သတ်မှတ်ထားတဲ့ ဝတ်စုံ၊ တံဆိပ်နဲ့ ရင်ထိုးတွေကိုသာ အသုံးပြု ရမှာဖြစ်ပြီး ဝန်ထမ်းအပြောင်းအလဲကအစတင် ပြရမှာဖြစ်ကာ လိုင်စင်သက်တမ်း ၃ နှစ်ဖြစ်ပြီး ပျက်ကွက်တာနဲ့ လိုင်စင်ကို အသစ်ပြန်လျှောက် ရမှာဖြစ်ပါတယ်။

ပြည်တွင်းလုံခြုံရေးဝန်ထမ်းတယောက်က "ကုမ္ပဏီတွေက လုံခြုံရေးခေါ်ရင်တောင် စစ်မှုထမ်းဟောင်း၊ ရဲဝန်ထမ်းဟောင်းပဲခေါ်တာများတယ်။ အဲ့ဒီလူတွေကတဆင့် အရပ်သား လုံခြုံရေးဝန်ထမ်းတွေကို သင်တန်းပြန်ပေးတာ။ အခုစစ်တပ်နဲ့ ရဲကိုပါ သတင်းပေးရမယ်ဆိုတော့ စစ်တပ်ကသူ့အတွက် သတင်းပေး  စမွေးသလိုဖြစ်နေတယ် "လို့ သုံးသပ် ပြောပါတယ်။

ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေမှာ အခန်း ၁ ကနေ အခန်း ၁၅ အထိပါဝင်ပြီး ပုဒ်မ ပေါင်း ၅၅ အထိရှိကာ  ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၁ နှစ်ကနေ ၃ နှစ်နဲ့ ငွေဒဏ်အနေနဲ့ ကျပ် သိန်း ၁၀၀ ကနေ သိန်း ၃၀၀၀ အထိ ပေးဆောင်ရမှာဖြစ်ပါတယ်။

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလုပ်သူတွေ အနေနဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ကို ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအထိတင်ပြရမယ်လို့ ဥပဒေမှာပြဋ္ဌာန်းထားပြီး စစ်ကောင်စီ နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013