
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင်းကို စစ်ကိုင်းတိုင်း ၅/ မှတ်ပုံတင် ကိုင်ဆောင်သူတွေကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ဝင်ရောက်ခွင့်မပြုဘဲ စစ်ဆေးဖို့ ခေါ်ယူထားတယ်လို့ အဝေးပြေးယာဉ်မောင်းသမားတွေက ပြောပါတယ်။
တောင်ကြီးမြို့ကို ဝင်ရောက်မယ့် အေးသာယာ စစ်ဆေးရေးဂိတ်ကနေ ကားကြီး ကားငယ်တွေ အားလုံးကို စစ်ကောင်စီတပ်သားတွေက မှတ်ပုံတင်တောင်းယူပြီး ၅/ မှတ်ပုံတင် ကိုင်သူပါရှိရင် ခရီးသည်သာမက ယာဉ်မောင်းကိုပါ ခေါ်ယူစစ်ဆေးနေတာ ဖြစ်ပါတယ်။
တောင်ကြီး-ရန်ကုန် အဝေးပြေးကား ယာဉ်မောင်းတယောက်က “သူတို့ ပေးမဝင်ဘူးဆိုတာ ကြိုမပြောဘူးလေ။ ကျွဲတပ်ဆုံဂိတ်ကနေလည်း လွှတ်တယ် ဘာပြဿနာမှ မရှိဘူး။ ဒီ တောင်ကြီးအဝင်ကျမှ ၅/ ပါလားဆိုတော့ ပါတာပေါ့။ အဲဒါ ကောင်လေး ၂ ယောက်ကို သူတို့ ခေါ်တယ်၊ ကျနော်တို့ကိုပါ ခေါ်တယ်၊ ပါးဖြတ်ရိုက်ပစ်မယ် ဆိုတာတွေ ပြောတာပေါ့။ အဲ့ကောင်လေးတွေကတော့ ဘယ်လို ဆက်ဖြစ်လဲ မသိဘူး။ ယာဉ်မောင်းတွေကို ယာဉ်လိုင်းပိုင်ရှင်တွေ ထောက်ခံပေးလိုက်မှ လွတ်လာတာ” လို့ ပြောပါတယ်။
တောင်ကြီးမြို့ပေါ်က ဟိုတယ်၊ တည်းခိုခန်းတွေကိုလည်း လျှပ်စစ်မီးဖြတ်တောက်ပြီး ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
ဒီလိုလုပ်ဆောင်ချက်တွေဟာ ပွင့်လင်းရာသီ၊ ခရီးသွားရာသီ ဖြစ်တာကြောင့် တောင်ကြီးမြို့တွင်းနဲ့ ဆက်စပ်မြို့နယ်တွေမှာ စစ်ဆေးရေးတင်းကျပ်တာ ဖြစ်နိုင်တယ်လို့ ခရီးသွားအေဂျင်စီတချို့က သုံးသပ် ပြောဆိုထားပါတယ်။
တောင်ကြီးမြို့ခံ အမျိုးသားတယောက်က “စစ်ရှောင်အများစုက ရှမ်းကျောင်းတို့ ဓမ္မာရုံတို့မှာလည်း ရှိတယ်၊ အဲလိုနေရာတွေပါ ဝင်စစ်တယ်။ ခရီးသွားဆိုရင်လည်း ဧည့်စာရင်းတိုင်ရင်တောင် မှတ်ပုံတင်ပါရတယ်၊ လူကိုယ်တိုင် ခေါ်လာပြရတယ်။ ဟိုတယ်မှာလည်း ညဘက် ၁၀ နာရီ ၁၁ နာရီ ဝင်ဝင်စစ်တယ်။ တည်းခိုတဲ့လူတွေရဲ့ ဖုန်းပါ ယူစစ်တာပေါ့။ ဘယ်သူတွေပါလဲဆို ဟိုတယ်ကလူ ပါတယ်၊ အုပ်ချုပ်ရေးမှူးနဲ့ စစ်သားရယ် ရဲမှူးတွေရယ် ပါတယ်။ နည်းမျိုးစုံနဲ့ လိုက်ပြီးစစ်ဆေးတယ်။ သူတို့သံသယရှိတဲ့သူရဲ့ နာမည်နဲ့ တိုက်ပြီးတော့လည်း လိုက်ရှာသေးတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ တောင်ကြီးမြို့ကို ဝင်ရောက်မယ့် ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်ကနေ အဝေးပြေးကားပေါ်က ခရီးသွားတွေသာမက ဂျပ်ဖာ၊ ကုန်စည်ပစ္စည်းနဲ့ ပစ္စည်းအိတ်တွေကို တခုမကျန် ဖွင့်ဖောက်ပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေတဲ့အတွက် အဝေးပြေးယာဉ်လိုင်းတွေကလည်း ခရီးစဉ်တွေကို အချိန်ပြောင်းလဲ ပြေးဆွဲနေရပါတယ်။