Home
မြန်မာသတင်း
TNLA နှင့် စစ်ကောင်စီတို့  ထပ်မံတွေ့ဆုံကြရန် သဘောတူ
DVB
·
February 20, 2025

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)နဲ့ စစ်ကောင်စီတို့ တရုတ်အစိုးရရဲ့ စီစဉ်ပေးမှုနဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့က ဟိုင်ဂင်ဟော်တယ်မှာ ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၇ ရက်အထိ ၂ ရက်တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ သဘောတူညီမှုမရဘဲ မေလထဲမှာ နောက်ထပ် တကြိမ် ထပ်မံတွေ့ဆုံကြဖို့ သဘောတူခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ TNLA ဘက်က နှစ်ဖက်တပ်တွေ ရောက်တဲ့နေရာမှာ ရပ်ပြီး အပစ်အခတ်ရပ်ကြဖို့ ဆိုတဲ့ အချက်ကို စစ်တပ်ဘက်က သဘောမတူဘဲ မန္တလေးတိုင်းထဲအထိ ရောက်လာတဲ့ တိုက်ပွဲတွေအပေါ်မှာ ရပ်တန့်ပေးလိုတဲ့ဆန္ဒ ရှိပုံမရတာကြောင့် ဆွေးနွေးမှုကို နောက်တကြိမ် ရွှေ့လိုက်တာဖြစ်နိုင်တယ်လို့ စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး မလုပ်ချင်ပါဘူး။ TNLA က တောင်ခမ်းကို စစ်ရေးအရ တိုက်ခိုက်မှုလုပ်နေတဲ့ အချိန်မှာ စစ်ရပ်လိုက်ရင် လေကြောင်းထိုးစစ်တွေ လုပ်လို့မရတော့ဘူး။ လုပ်လို့မရရင် မန္တလေး PDF တွေက ပြင်ဦးလွင်ကို သိမ်းပြီး မန္တလေးမြောက်ပိုင်းကနေ မန္တလေးမြို့တော်ထဲကို စစ်ဆင်ရေးတွေ တိုးလာတဲ့အခြေအနေ ဖြစ်တဲ့အတွက် သူ့အနေနဲ့ လေကြောင်းထိုးစစ်တွေကို မရပ်နိုင်ပါဘူး။ ဒါကြောင့် ဆွေးနွေးပွဲမှာ လက်တွေ့မကျတဲ့ ကိစ္စတွေ လျှောက်ပြောပြီး ဆွေးနွေးပွဲကို ရပ်လိုက်တာပါ။ စစ်ကောင်စီဘက်က စစ်ကို ရပ်နိုင်တဲ့အခြေအနေ မရှိဘူး။ အခု စစ်ရပ်စဲရေးမလုပ်ဘူးဆိုရင် TNLA အနေနဲ့ကလည်း ရှမ်းမန်းထိုးစစ်ကို တနည်းတဖုံဆက်ပြီး တိုက်သွားမယ့်အနေအထား ရှိပါတယ်။”

ကူမင်းမြို့မှာ တွေ့ဆုံခဲ့ကြတဲ့ ဆွေးနွေးပွဲမှာ TNLA ဘက်က ရောက်တဲ့နေရာမှာ တပ်တွေရပ်ပြီး အပစ်အခတ်ရပ်ဖို့ နှစ်ဖက်စလုံး ထိုးစစ်ဆင်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာအပြင် လေယာဉ်ဗုံးကြဲချတာ စတဲ့  စစ်ရေးလှုပ်ရှားမှုတွေ အားလုံးရပ်တန့်ဖို့အပြင် နှစ်ဖက် ထိန်းချုပ်နယ်မြေက ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ဆေးဝါး သယ်ဆောင်နိုင်ရေးအတွက် ဖြတ်သန်းသွားလာခွင့်ပြုဖို့ဆိုတဲ့ အချက်တွေကိုသာ ဆွေးနွေးခဲ့တာပါ။

စစ်ကောင်စီနဲ့ တရုတ်အထူးကိုယ်စားလှယ်ဘက်ကတော့ ရပ်တန့်သွားတဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး အခြေအနေနဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအပြင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ စစ်ရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ကို ဆွေးနွေးခဲ့ကြပြီး နယ်မြေသတ်မှတ်ရေးဆိုတဲ့ ကိစ္စကို အဲဒီအစည်းအဝေးထဲမှာ ဆွေးနွေးခဲ့ကြတာမရှိပါဘူး။

လက်ရှိ စစ်ကောင်စီနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကြားမှာ ဆွေးနွေးနေတဲ့ ဆွေးနွေးမှုတွေမှာ စစ်ရေး၊ နိုင်ငံရေးတွေကို ကျော်လွှားနိုင်ဖို့အတွက် အပစ်အခတ်ရပ်စဲနိုင်ရေး အတွက်သာ ကတိကဝတ်ပြုနိုင်ဖို့ သဘောတူညီမှုရယူနိုင်တဲ့ အဆင့်သာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ကျော်လွန်ပြီး ရွေးကောက်ခံအစိုးရနဲ့ လွှတ်တော်က အတည်မပြုတဲ့ နယ်မြေခွဲဝေ သတ်မှတ်ရေးတွေက လုပ်ဆောင်လို့မရဘူးလို့ သေနင်္ဂအင်စတီကျု အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောပါတယ်။

“အာဏာထိန်းထားတယ်။ အဲဒါသည် ၂၀၀၈ အခြေခံဥပဒေအောက်က ဖြစ်တယ်။ နယ်မြေ ဘာညာဆိုတာကလည်း အစိုးရတရပ်ပေါ်ပြီး လွှတ်တော်ကနေ သွားရမယ့်လမ်းကြောင်း ဘယ်သူမှ အဲဒါကို ကျော်လို့မရဘူး။ အဲဒါကို ကျော်ပြီး ဒီအချိန်မှာ လုပ်လို့လည်း မရဘူး။ လုပ်လိုက်ရင် အန္တရာယ်အကြီးဆုံးကိစ္စတွေဖြစ်မှာ။ ဘယ်သူမှလည်း လုပ်မယ်လို့မထင်ပါဘူး။ အဲဒီခေါင်းစဉ်တည်နေတဲ့ ကာလပတ်လုံးက အဖြေထွက်မှာ မဟုတ်ပါ။ သဘောတူခွင့်မရှိတာကို ဘယ်အခွင့်အာဏာနဲ့ သဘောတူမလဲပေါ့။ အဲဒါမေးခွန်းမေးစရာရှိတယ်။”

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ မြို့နယ်တွေထဲက မြို့ ၇ မြို့အထိကို သိမ်းပိုက်ထားပြီး အဲဒီမြို့နယ်တွေထဲမှာ သူတို့တွေရဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ အစားထိုးအုပ်ချုပ်နေတာပါ။

အဲဒီအပြင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသတွင်းမဟာမိတ်တွေပါတဲ့ မန္တလေးတိုင်းထဲအထိ ဝင်ရောက်မယ့် ရှမ်းမန်းစစ်ဆင်ရေးမှာလည်း TNLA ရဲ့ စစ်နည်းဗျူဟာက အရေးပါတဲ့ နေရာမှာ ရှိနေတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

အောင်သူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013