Home
မြန်မာသတင်း
မိုးမိတ်နှင့်နောင်ချိုကို စစ်ကောင်စီ ဗုံးကြဲသဖြင့် ကလေးအပါအဝင် ၆ ဦးသေဆုံး
DVB
·
February 22, 2025

တအာင်းပြည်အတွင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေထိခိုက်သေဆုံးခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA က ဖေဖော်ဝါရီ ၂၂ ရက် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညအချိန်မှာ တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊ မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲပြီးတိုက်ခိုက်ခဲ့တာကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ်အပါအဝင် ဒေသခံ ၃ ယောက် သေဆုံးခဲ့သလို ၇ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၅ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာတော့ နောင်ချိုမြို့နယ်၊ လောက်ဖန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ယောက် သေဆုံး၊ ကလေးငယ်အပါအဝင် ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၆ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက် ၁ နာရီ ဝန်းကျင်မှာလည်း စစ်ကောင်စီက Y-12 လေယာဉ်နဲ့ နောင်ချိုမြို့နယ်၊ ရွှေမုဋ္ဌောကျေးရွာကို ဗုံး ၅ လုံးနဲ့ တောင်ရှည်ကျေးရွာကို ဗုံး ၂၇ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတယောက် သေဆုံးခဲ့ပြီး နေအိမ်အများအပြား ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိရှိကြဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ကိုလည်း TNLA က သတိပေးပါတယ်။

စစ်ကောင်စီနဲ့ နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ စစ်ကောင်စီဟာ လက်နက်ကြီး၊ လေကြောင်းတို့နဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တအောင်းပြည်အတွင်းက ကလေးငယ်တယောက်အပါအဝင် ၆ ယောက်သေဆုံးခဲ့သလို ကလေးငယ်တယောက်အပါအဝင် ၁၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးတော့ နောင်ချိုပြည်သူ့ဆေးရုံ၊ ဘုန်းကြီးကျောင်းဆောင်နဲ့ ပြည်သူ့နေအိမ် ၁၁ လုံး ထိမှန် ပျက်စီးသွားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဆွေးနွေးပွဲမှာ နှစ်ဖက်အပြန်အလှန် တောင်းဆိုမှုတွေလုပ်ခဲ့ကြပြီး TNLA ဘက်ကတော့ နှစ်ဖက်တပ် ရောက်တဲ့နေရာမှာ အပစ်အခတ်ရပ်စဲဖို့၊ နှစ်ဖက်ထိုးစစ်ဆင်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းဗုံးကြဲတာ စတဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်ဖို့နဲ့ ထိန်းချုပ်ဒေသထဲကို ဆေးနဲ့ လူသုံးကုန်တွေပို့ခွင့်ရဖို့တောင်းဆိုပြီး ဆွေးနွေးရခက်ခဲတာကြောင့် ၂ ရက်ကြာ ဆွေးနွေးအပြီး ရပ်ဆိုင်းခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013