Home
မြန်မာသတင်း
ကလေးမြို့နယ်က ဆေးရုံနှင့် ကုသရေးစင်တာကို ဗုံးကြဲသဖြင့် ပြည်သူ ၃ ဦး သေဆုံး
DVB
·
February 22, 2025
Photo- PHN Kalay

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက တော်လှန်ရေးဆေးရုံနဲ့ ဆေးကုသရေးစင်တာတို့ကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၃ ယောက် သေဆုံးခဲ့တယ်လို့ People's Healthcare Network Kalay (PHN Kalay) က ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။   

ဖေဖော်ဝါရီ ၁၄ ရက်နေ့က PHN Kalay ရဲ့ Station Hospital - Southern Kalaymyo (တောင်ပိုင်းတိုက်နယ်ဆေးရုံ) ကို မနက် ၁၀ နာရီကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲပြီး ညနေပိုင်းမှာတော့ ပြည်သူတွေနဲ့တော်လှန်ရေးရဲဘော်တွေအတွက် ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့ Medical Centre 4 ကို  ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

PHN Kalay ရဲ့ ပြောရေးဆိုခွင့်ရှိသူက “Medical Centre 4 ကို လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်စဉ်မှာတော့ ခွဲစိတ်ကုသမှုခံယူနေကြတဲ့ အရပ်သားပြည်သူ ၃ ဦး သေဆုံးသွားပြီးတော့ ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဘက်မှာက တိုက်ပွဲတွေကလည်းပြင်းထန်နေတယ်။ လေကြောင်းရန်​ကိုစိုးရိမ်ရလို့ တိုက်ပွဲတွေကြားမှာ ဒဏ်ရာရတဲ့လူနာတွေကို တခြား Safe ဖြစ်တဲ့နေရာမှာ ပြောင်းရွှေ့ကုသပေးနေချိန်မှာ အခုလို ဗုံးကြဲခံခဲ့ရတာပါ။ လူနေအိမ်တချို့လည်းပျက်စီးသွားခဲ့ပါသေးတယ်” လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြားမှာ မိမိအသက်ကိုမငဲ့ကွက်ဘဲ သက်စွန့်ဆံဖျားနဲ့ ထိခိုက်ဒဏ်ရာရ ပြည်သူတွေအပါအဝင် ပြည်သူ့ရဲဘော်တွေကို ကယ်ဆယ်ကုသ စောင့်ရှောက်မှုပေးခဲ့ကြတဲ့ PHN Kalay ရဲ့ ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေကိုလည်း အလေးအနက်မှတ်တမ်းတင်ဂုဏ်ပြုတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံကလည်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့စစ်တပ်ဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေလို့ ပြည်သူတွေအပါအဝင် တော်လှန်ရေးရဲဘော်တွေအားလုံး စစ်တပ်ရဲ့လေကြောင်းအန္တရာယ်ကို သတိရှိကြဖို့အထူးလိုအပ်တယ်လို့ ပြောပါတယ်။

People’s Healthcare Network Kalay အဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ကလေးမြို့နယ်က CDM ကျန်းမာရေးဝန်ထမ်းတွေစုပေါင်းထူထောင်ခဲ့ကြပြီး ဆေးရုံ ၂ ခုနဲ့ ကျန်းမာရေးစင်တာ ၆ ခု ဖွင့်လှစ်ထားခဲ့ကြတာလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက် မနက်ပိုင်းကလည်း PHN Kalay ကဖွင့်လှစ်ထားတဲ့ ရွှေတောင်ကြားတော်လှန်ရေးဆေးရုံ (Golden Valley Revolution Hospital) ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျန်းမာရေးစေတနာ့ဝန်ထမ်း ၅ ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာတွေရရှိခဲ့ကြသလို ဆေးရုံအဆောက်အဦ လုံးဝပျက်စီးသွားပြီး ဆေးရုံအသုံးအဆောင် ပစ္စည်းတွေလည်း ပျက်စီးဆုံးရှုံးခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013