Home
မြန်မာသတင်း
မြိုင်မြို့နယ်၌ အလှူပွဲကျင်းပသည့် ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ
DVB
·
February 21, 2025

မကွေးတိုင်း၊ မြိုင်မြို့နယ် မြောက်ခြမ်းက ဖျသီးရွာကို ဖေဖော်ဝါရီ ၁၉ ရက် နေ့ခင်းပိုင်း အလှူပွဲတခု ကျင်းပနေချိန် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံရွာသူတယောက်က “ရွာက အလှူပွဲလုပ်နေတာပဲရှိတာ၊ တိုက်ပွဲတော့ မရှိဘူး။ သူတို့လာကြဲတဲ့အချိန်က အလှူအိမ်မှာ ထမင်းကျွေးနေတဲ့အချိန်ပေါ့။ ကြဲတဲ့နေရာက ရွာအရှေ့ဘက်ကို ကြဲချသွားတာ။ ပေါင် ၅၀၀ ဗုံး ၅ လုံးထက်မနည်းကို ကြဲချသွားတာ။ နောက်ထပ် ဟက်စကီးလေယာဉ်က စက်လတ်နဲ့ပါ ပစ်သွားတာ၊ မြေပြင်ကနေ အတိုင်းသား မြင်နေရတယ်။ ကံကောင်းတာက ရွာထဲမကျလို့ လူအသေအပျောက် မရှိခဲ့တာ။ ရွာထဲကိုသာ ချမယ်ဆိုရင် မတွေးရဲစရာ” လို့ ပြောပါတယ်။

ဖျသီးရွာဟာ မြိုင်မြို့ရဲ့ မြောက်ဘက်နဲ့ လက်ယက်မရွာရဲ့ အရှေ့မြောက်ဘက်မှာရှိပြီး ခန့်မှန်း အိမ်ခြေ ၄၀၀ နီးပါးခန့် ရှိတယ်လို့လည်း သိရပါတယ်။

မြိုင်မြို့နယ် အညာမြေတပ်ပေါင်းစု တာဝန်ရှိသူ ကိုဘိုဘိုသန့်ဇင်က “စစ်တပ်ကတော့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အရပ်သားတွေပဲ ပစ်မှတ်ထားနေတာ။ သူတို့ အခုလိုလုပ်တော့ အလှူပွဲမှာ ရှိနေကြတဲ့ ကလေးငယ်တွေ ကြောက်လန့်ကြရတာပေါ့။ နောက်ပြီး ဒေသခံတွေကလည်း စစ်တပ်က နောက်ထပ်တကြိမ် လာပစ်မှာကို ကြောက်လန့်နေကြတယ်။ မြေပြင်က ပြည်သူတွေကတော့ စစ်တပ်ဆိုတဲ့ အသံကြားတာနဲ့ မုန်းတီးစိတ်တွေ ဖြစ်နေကြတယ်ဗျ” လို့ ပြောပါတယ်။

မြိုင်မြို့နယ်အတွင်းရှိ ကျောက်ဆောက်ကျေးရွာကို စစ်တပ်က ဖေဖော်ဝါရီ ၁၉ ရက် မနက် ၉ နာရီ ၄၀ မိနစ်ခန့်မှာ စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာနေ ပြည်သူ အသက် ၁၀၀ အရွယ်ရှိ အဘွားအိုတယောက်ကို မီးရှို့သတ်ဖြတ်ပြီး ပြည်သူပိုင်နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024