
မန်စီးတီးအရန်ဂိုးသမား ၂ ယောက်ဖြစ်တဲ့ စတီဖန်အော်တီဂါနဲ့ အင်္ဂလန်လူငယ်ဂိုးသမား ဂျိမ်းစ်ထရတ်ဖို့ဒ်တို့ဟာ လာမယ့် ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွါဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
အဆိုပါဂိုးသမား ၂ ယောက်ဟာ အီတလီဂိုးသမား ဒွန်နာရမ်မာ ရောက်ရှိလာပြီးနောက် ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ရပြီး ဂိုးသမား အော်တီဂါဆိုရင် ပွဲစဉ် ၁ မှာ အရန်ကစားသမားအဖြစ် ပါဝင်လာပြီးနောက် အသင်းလူစာရင်းမှာ ပါဝင်ခြင်း မရှိတော့သူပါ။
ဂိုးသမား ထရတ်ဖို့ဒ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပြန်လည်ပါဝင်နိုင်ဖို့အတွက် ပွဲထွက်ကစားခွင့် လိုအပ်နေတာကြောင့် အသင်းပြောင်းရွှေ့ဖို့ စီစဉ်လာခဲ့တာပါ။
ထရတ်ဖို့ဒ်ဟာ အခုနှစ်အစကမှ ဘန်လေကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး ၅ လအတွင်းမှာပဲ အသင်းကနေ ထွက်ခွါဖို့ စီစဉ်လာခဲ့တာပါ။
မန်စီးတီးအသင်းမှာ အသက် ၃၃ နှစ်ရှိ ဝါရင့်ဂိုးသမား ဘက်တင်နယ်လီလည်း ရှိနေပြီး စီနီယာဂိုးသမား ၄ ယောက်အထိ ရှိနေတာဖြစ်ပါတယ်။


