
ဒီမနက်အစောပိုင်းက အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာကူဆင်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတာဟာ မိမိရဲ့ဆုံးဖြတ်ချက်အမှားကြောင့် ဖြစ်တယ်လို့ မန်စီးတီးအသင်းရဲ့ နည်းပြ ပတ်ဂွါဒီယိုလာက ဝန်ခံပြောသွားပါတယ်။
ဂွါဒီယိုလာဟာ ပွဲထွက်လူစာရင်းမှာ ပရီးမီးယားလိဂ်က လူစာရင်းကို ၁၀ ယောက်အထိ အပြောင်းအလဲလုပ်ခဲ့ပြီး ဟာလန်း၊ ဖိုဒမ်နဲ့ ဒိုကူ တို့ကို ဒုတိယပိုင်းမှ လူစားလဲ ကစားစေခဲ့တာပါ။
အပြောင်းအလဲတွေ လုပ်ဆောင်ခဲ့ပြီး ရလဒ်ရှုံးနိမ့်ခဲ့တာက မိမိရဲ့ တာဝန်ဖြစ်ပေမဲ့ ကစားသမားတွေ အားလုံး ပါဝင်ကစားခွင့်ရခဲ့ပြီး တချို့အတွက် ၅ ပွဲ ၆ ပွဲလောက်အထိ ကစားခွင့်မရတာက အလွန်ခက်ခဲတဲ့အခြေအနေ ဖြစ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
ဒီရှုံးပွဲမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်း အုပ်စုပွဲစဉ်တခုမှာ ပထမဆုံး အိမ်ကွင်းရှုံးပွဲ တွေ့ကြုံခဲ့ရတာ ဖြစ်ပါတယ်။
ပွဲထွက်ခွင့် နည်းပါးနေတဲ့ ကစားသမားတွေကို ပွဲကစားချိန် ပိုပေးပြီး အမှားတွေ လုပ်ဆောင်ခွင့်ပြုမှသာ ပိုမိုတိုးတက်လာမှာဖြစ်ပြီး ဟာလန်းကို ပွဲတိုင်း အသုံးပြုနေလို့ မရနိုင်ကြောင်း ဂွါဒီယိုလာက ပြောသွားပါတယ်။


