Home
မေးမြန်းခန်း
မင်းကင်း CDM ဆေးရုံအုပ်ကို လက်နက်နှင့်ငွေကြေး ပြန်မအပ်၍ ဖမ်းဆီးခဲ့ဟု NUG ထုတ်ပြန်
DVB
·
December 1, 2025

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်က CDM ဆေးရုံအုပ် ဒေါက်တာ ခင်သူသူလွင် ကို လက်နက်နဲ့ ငွေကြေး ပြန်မအပ်လို့ အမှုဖွင့်ထားတဲ့အတွက် ဖမ်းဆီးတာဖြစ်ပြီး အမျိုးသမီးရဲမေ မထည့်ပေးနိုင်ခဲ့တာ၊ ရုန်းရင်းဆန်ခတ်ဖြစ်လို့ ပြည်သူတွေ စိတ်မချမ်းမြေ့ရတဲ့အပေါ် တောင်းပန်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁ ရက် ညမှာ ထုတ်ပြန်လာတာဖြစ်ပြီး မင်းကင်းမြို့နယ်၊ သင်တောရွာမှာ ဆေးခန်းဖွင့်ထားတဲ့ မင်းကင်းဆေးရုံအုပ် CDM ဆရာဝန် ဒေါ်ခင်သူသူလွင်ကို မင်းကင်းမြို့နယ် ပြည်သူ့လုံခြုံရေး (ပလဖ) အဖွဲ့ဝင်တွေက နိုဝင်ဘာ ၃၀ ရက်က လာရောက်ဖမ်းဆီးခဲ့တာပါ။

‌ဒေါက်တာ ဒေါ်ခင်သူသူလွင် (ခ) Dr တူး ဟာ ၂၀၂၁ ခုနှစ် ဧပြီ ၁၁ ရက်ကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး တာဝန်ကနေ ရပ်နားပြီးချိန်မှာ  လုပ်ငန်းဆိုင်ရာ စာရင်းဇယားတွေ၊ ရုံးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေကို မရှင်းလင်းခဲ့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် လက်ရှိ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တာဝန်ခံဆီကို လုပ်ငန်းဆိုင်ရာ စာရင်းဇယားတွေ ရှင်းလင်းလွဲပြောင်းပေးဖို့ အကြိမ်ကြိမ် တရားဝင်စာပေးပို့ညှိနှိုင်းခဲ့တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သူ့ရဲ့ ပြည်သူ့ဘက်မျက်နှာမူပြီး CDM လုပ်ခဲ့တာနဲ့ တော်လှန်ရေးမှာ ပူးပေါင်းတာကို အလေးထားပြီး ညှိနှိုင်းရှင်းလင်းဖို့ စောင့်ဆိုင်းခဲ့ပေမဲ့ လာရောက်ညှိနှိုင်းဖြေရှင်းတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒေါက်တာ ခင်သူသူလွင်ဟာ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တာဝန်ခံ အဖြစ် တာဝန်ထမ်းဆောင်တုန်းက မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ ငှားရမ်းပေးထားခဲ့တဲ့ AK 47 သေနတ် ၁ လက်ကို ပြန်မအပ်ခဲ့ဘူးလို့ ဆိုပါတယ်။

ပြီးတော့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ ဩဂုတ်လထိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အခွန်ငွေ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ် သိန်း ၃,၃၀၀ ကျော်ကိုလည်း ပြန်မအပ်ခဲ့တာကြောင့် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်နဲ့ နိုဝင်ဘာ ၂၈ ရက်မှာ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့တာဝန်ခံနဲ့ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တာဝန်ခံတို့က မင်းကင်းမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့စခန်းမှာ တရားလိုလုပ် တိုင်တန်းခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒေါက်တာ ဒေါ်ခင်သူသူလွင် ကို မင်းကင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သွားရောက် ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပြီး အမျိုးသမီးရဲမေ မထည့်ပေးနိုင်ခဲ့တာ၊ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာဟာ လူမှုကွန်ရက်မှာပြန့်နှံပြီး ပြည်သူတွေ စိတ်မချမ်းမြေ့စေခဲ့ရတာအတွက် ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အနူးအညွတ် တောင်းပန်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အမှုကိုလည်း ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013